ပရီးမီးယားလိဂ်မှာ အလွန်ဆွဲဆောင်မှုရှိသည့် ပြိုင်ပွဲဖြစ်ကြောင်း ဂေါ့ဇီ ပြောကြား

ပရီးမီးယားလိဂ်မှာ အလွန်ဆွဲဆောင်မှုရှိသည့် ပြိုင်ပွဲဖြစ်ကြောင်း ဂေါ့ဇီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 13 February 2019

ဒေါ့မွန်အသင်းကွင်းလယ်လူ ဂေါ့ဇီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အလွန်ဆွဲဆောင်မှုရှိသည့် ပြိုင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဂေ့ါဇီသည် ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ စိတ်ဝင်စားမှုကို ခံခဲ့ရသူဖြစ်ပြီး လီဗာပူးလ်၊ အာဆင်နယ်တို့နှင့် သတင်းများထွက်ခဲ့သူဖြစ်သည်။

ပရီးမီးယားလိဂ်နှင့် ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ ခြားနားမှုများကို Goal.com က ဂေါ့ဇီအား မေးမြန်းခဲ့ရာ ၄င်းက '' ကျွန်တော်က ဂျာမနီမှာပဲ ကစားဖူးတာဆိုတော့ ဘွန်ဒစ်လီဂါအကြောင်းပဲ သိပါတယ်။ ဒီတော့ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒစ်လီဂါရဲ့ ခြားနားမှုကို နှိုင်းယှဉ်ပြီးပြောပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကျွန်တော့်အနေနဲ့ ပြောနိုင်တာက ပရီးမီးယားလိဂ်ဟာ အလွန်ဆွဲဆောင်မှုရှိတဲ့ လိဂ်ပြိုင်ပွဲတစ်ခုပါ။ အင်္ဂလန်မှာ အသင်းကြီး (၆) သင်း၊ (၇) သင်းအထိရှိပြီး ရာသီကုန်ချိန်အထိ ဘယ်အသင်းက ချန်ပီယံဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်'' ဟုပြောကြားခဲ့သည်။

ထို့ပြင် ဂေါ့ဇီက ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်တွင် ကစားရမည့် ပရီးမီးယားလိဂ်ကလပ်စပါးအသင်းမှာ အင်အားတောင့်တင်းသည့်အသင်းဖြစ်ပြီး မိမိတို့အသင်းကို ဒုက္ခပေးနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။

ဂေါ့ဇီက ''စပါးအသင်းက အရမ်းကိုတောင့်တင်းပါတယ်။ ပိုချက်တီနိုဟာ စပါးအသင်းကို ကိုင်တွယ်တာ ကြာပြီဖြစ်သလို ကစားသမားတွေကလည်း တကယ်အစွမ်းအစရှိတဲ့ လူတွေပါ။ ပြီးခဲ့တဲ့ရာသီတုန်းက စပါးအသင်းနဲ့ ကစားခဲ့ရာမှာ (၂) ပွဲစလုံးကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ အခုကစားမယ့် ပွဲစဉ်က ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းနားလည်ပါတယ်။ ပြီးတော့စပါးအသင်းက ဘယ်လောက်ထိကောင်းလဲဆိုတာလည်း ကျွန်တော်တို့ သိပြီးသားပါ။ စပါးနဲ့ ပွဲစဉ်ဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။

Most Read

Most Recent