ဆုဖလား(၃)လုံးရရှိရန် ရီးယဲလ်ကစားသမားများ အလိုရှိနေကြောင်း ကော်တိုအာ ဆို

ဆုဖလား(၃)လုံးရရှိရန် ရီးယဲလ်ကစားသမားများ အလိုရှိနေကြောင်း ကော်တိုအာ ဆို
Photo: Marca
Photo: Marca
Published 13 February 2019

ရီးယဲလ်မက်ဒရစ်အသင်းဂိုးသမား ကော်တိုအာက မိမိတို့အသင်းသားအားလုံးသည် ယခုရာသီတွင် ဆုဖလား (၃)လုံးရရှိရန် အလိုရှိနေကြကြောင်း ပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ပထမဂိုးသမားနေရာကို ရယူထားနိုင်သူဖြစ်သည်။

ကော်တိုအာက ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသားများအနေဖြင့် ဆုဖလား (၃) လုံးစလုံးတွင် ဗိုလ်စွဲရန် ဆန္ဒပြင်းပြနေကြောင်း ဆိုခဲ့သည်။

ရီးယဲလ်အသင်းသည် ယခုနှစ်ဘောလုံးရာသီအစတွင် ရလဒ်များဆိုးရွားခဲ့သောကြောင့် လာလီဂါတွင်ရုန်းကန်ခဲ့ရသော်လည်း လက်ရှိနည်းပြသစ်ဆိုလာရီလက်ထက်တွင် လာလီဂါအမှတ်ပေးဇယား၏ အဆင့် (၂) နေရာသို့ရောက်ရှိကာ အဆင့် (၁) မှ ဘာစီလိုနာအသင်းနှင့် (၆) မှတ်သာကွာတော့သည်။

ထို့ပြင်ရီးယဲလ်အသင်းသည် စပိန်ဘုရင့်ဖလားတွင် ဆီမီးဖိုင်နယ်သို့ရောက်ရှိနေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်ရောက်ထားနိုင်သည့်အတွက် ကော်တိုအာက ယခုကဲ့သို့ကြုံးဝါးပြောဆိုခဲ့ခြင်းဖြစ်သည်။

ကော်တိုအာက '' ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြိုင်ပွဲအားလုံးဗိုလ်စွဲဖို့အတွက် ဆန္ဒပြင်းပြနေပြီး တိုက်ပွဲဝင်နေပါတယ်။ ကျွန်တော်တို့မှာ ဟန်ချက်ညီတဲ့အသင်းတစ်သင်းရှိပြီး တချို့ကစားသမားတွေဟာ သူတို့ရဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးဖြစ်နေကြသူတွေပါ။ အသင်းရဲ့ကစားသမားအားလုံးကလည်း ပြိုင်ပွဲ(၃) ခုစလုံးမှာ ဗိုလ်စွဲဖို့အတွက် ဆန္ဒပြင်းပြနေကြပါတယ်" ဟုပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏သမိုင်းတွင် ချန်ပီယံလိဂ်ဖလား (၁၃) ကြိမ်၊ လာလီဂါချန်ပီယံ (၃၃) ကြိမ်နှင့် စပိန်ဘုရင့်ဖလားကို (၁၉) ကြိမ်အထိရရှိထားသော်လည်း လက်ရှိအချိန်အထိ တစ်ရာသီအတွင်းဆုဖလား (၃) လုံးအောင်ပွဲနှင့် လွဲချော်နေဆဲဖြစ်သည်။

Most Read

Most Recent