မော်ရင်ဟို၏ဝေဖန်မှုများကို မျှော်လင့်ထားကြောင်း အိုးလ်ဟမ်းအသင်းနည်းပြ ပေါလ်စခိုးပြောကြား

မော်ရင်ဟို၏ဝေဖန်မှုများကို မျှော်လင့်ထားကြောင်း အိုးလ်ဟမ်းအသင်းနည်းပြ ပေါလ်စခိုးပြောကြား
Photo: Getty Images
Photo: Getty Images
Published 12 February 2019

အိုးလ်ဟမ်းအသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရသည့်  ပေါလ်စခိုးလ်က မိမိအနေဖြင့် မန်ယူနည်းပြဟောင်း မော်ရင်ဟို၏ ဝေဖန်မှုများကို မျှော်လင့်ထားကြောင်း ပြောကြားသွားခဲ့သည်။

အင်္ဂလန် League Two ကလပ် အိုးလ်ဟမ်းအသင်းသည် မန်ယူနှင့် အင်္ဂလန်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်အား နည်းပြအဖြစ်  (၁၈) လစာချုပ်ဖြင့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က ခန့်အပ်ခဲ့သည်။

ပေါလ်စခိုးလ်သည် အိုးလ်ဟမ်းနည်းပြမဖြစ်မီက ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး ထိုစဉ်က မန်ယူနည်းပြအဖြစ် ဆောင်ရွက်နေသည့်  မော်ရင်ဟိုကို ပြင်းပြင်းထန်ထန်ဝေဖန်ဖူးခဲ့သူဖြစ်သည်။

ပေါလ်စခိုးလ်က ယခုအခါ နည်းပြဖြစ်လာသည့် မိမိကို မော်ရင်ဟိုက ပြန်လည်ဝေဖန်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ပေါလ်စခိုးလ်က '' မော်ရင်ဟိုဟာ ကျွန်တော့်အသင်းရဲ့ ရလဒ်တွေကို ကြည့်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ သေတော့မသေချာပါဘူး။ သူ့အနေနဲ့ ကျွန်တော့်ကို ဝေဖန်ကောင်းဝေဖန်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကစားသမားနဲ့ နည်းပြတွေဟာ ဘောလုံးဝေဖန်သူတွေရဲ့ သုံးသပ်ချက်ကို ဂရုမစိုက်ကြဘူးလို့ပဲ နားလည်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးဝေဖန်သုံးသပ်သူတွေက ဝေဖန်မှ သူတို့ပိုက်ဆံရမှာလေ။ ကျွန်တော်ကတော့ ဘောလုံးသုံးသပ်သူတွေရော အခြားလူတွေရဲ့ ဝေဖန်မှုတွေကိုပါ ဂရုစိုက်နေမှာမဟုတ်သလို ပြန်ပြောနေမှာမဟုတ်ပါဘူး။ ကျွန်တော်စကားပြောရမှာက အသင်းပိုင်ရှင်တစ်ယောက်ပဲ ရှိပါတယ်'' ဟုပြောကြားခဲ့သည်။

ထို့ပြင် ပေါလ်စခိုးလ်က ၄င်းအနေဖြင့် နည်းပြအလုပ်ကို သေသေချာချာလေ့လာထားပြီးဖြစ်ကြောင်းနှင့် ယခုအချိန်မှာ နည်းပြဘဝစတင်ရန် အချိန်ကောင်းဖြစ်သည့်အတွက် အိုးလ်ဟမ်းအသင်းကို ကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိုးလ်ဟမ်းအသင်းသည်  League Two ပြိုင်ပွဲတွင် ပွဲစဉ် (၃၀) အပြီး၌ ရမှတ် (၄၂) မှတ်ဖြင့် အဆင့် (၁၄) နေရာတွင် ရပ်တည်နေသည်။

Most Read

Most Recent