ပရီးမီးယားလိဂ်မှထုတ်ပယ်ခံရနိုင်သည့် နည်းပြစာရင်း၌ ဆာရီ ထိပ်ဆုံးရောက်လာ

ပရီးမီးယားလိဂ်မှထုတ်ပယ်ခံရနိုင်သည့် နည်းပြစာရင်း၌ ဆာရီ ထိပ်ဆုံးရောက်လာ
Published 12 February 2019

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီသည် မန်စီးတီးအသင်းအား ခြောက်ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြစာရင်း၌ ထိပ်ဆုံးနေရာရောက်ရှိလာကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အဝေးကွင်း၌ လေးပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ် ဧပြီနောက်ပိုင်း ၂၈ နှစ်အတွင်း ပြိုင်ပွဲစုံ အဆိုးရွားဆုံးရှုံးနိမ့်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

သို့ဖြစ်ရာ ဆာရီသည် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြစာရင်း၌ အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားကိုကျော်၍ အလေးပေးမှု ၄း၅ ဖြင့် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။ 

ယင်းပွဲအပြီး သတင်းစာရှင်းလင်း ပွဲတွင် သတင်းထောက်များက အနာဂတ် အတွက် စိုးရိမ်ပူပန်မှုရှိမရှိ မေးမြန်းရာ ဆာရီ က ''ကျွန်တော်က အသင်းရဲ့တာဝန်ခံဖြစ်လို့ ဖိအားတွေရှိလာပြီဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနာဂတ်အတွက် ဆွေးနွေးမလား ဆိုတာကတော့ အသင်းကိုပဲ မေးရမှာပါ။ အဲဒီကိစ္စကို ကျွန်တော်မသိပါဘူး။ ကျွန်တော် ကတော့ အသင်းနဲ့ စွမ်းဆောင်ရည်အတွက်ပဲ စိုးရိမ်ပါတယ်။ အခုလောလောဆယ်တော့ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာ ရှင်းမပြ နိုင်သေးပါဘူး။ ပွဲအစသုံးမိနစ်မှာပဲ ဂိုးပေး လိုက်ရလို့ ကစားရခက်သွားတာ ဖြစ်နိုင်ပါ တယ်။ သူတို့ကို နေရာလွတ်တွေမပေးဖို့ဆိုတာ  တော်တော်ခက်ခဲပြီး ကျွန်တော်တို့ အကျပ် အတည်းရင်ဆိုင်ခဲ့ရပါတယ်။ ပြိုင်ဘက်က အံ့အားသင့်စရာကောင်းအောင် ကစားနိုင် ချိန်မှာ ကျွန်တော်တို့က အမှားတွေအများကြီး လုပ်ခဲ့မိတယ်။ ပွဲစကတည်းက ဖိအားပေး ကစားနိုင်ဖို့ ကြိုးစားပေမဲ့ သုံးမိနစ်မှာပဲ ဂိုးပေး လိုက်ရလို့ အစီအစဉ်က လုံးဝပျက်စီးသွားတာ ပါ''ဟု ဖြေကြားသည်။

ဆာရီသည် ပွဲအပြီးတွင် လက်ဆွဲမနှုတ်ဆက်ဘဲ ဥမင်အတွင်းဝင်သွားသော်လည်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ''ကျွန်တော့်ရဲ့ ပထမနှစ်တုန်းကလည်း ခက်ခဲခဲ့တာပါပဲ။ လူတွေက မန်နေဂျာအသစ်ရောက်လာပြီး ကစားသမားတွေဝယ်လိုက်တာနဲ့ တစ်စုံတစ်ခုချက်ချင်းဖြစ်တော့မယ်လို့ ထင်နေကြတယ်။ တကယ်တော့ အသားကျဖို့အတွက် အချိန်လိုအပ်ပါတယ်''ဟု ပြောကြားသည်။

ထုတ်ပယ်ခံရနိုင်သည့်နည်းပြ ရေပန်းစားမှု

အမည်    အသင်း    အလေးပေးမှု

ဆာရီ    ချယ်လ်ဆီး    ၄း၅

မာကိုဆေးလ်ဗား    အဲဗာတန်    ၃း၁

ဖျူရယ်လ်    လက်စတာ    ၅း၁

Most Read

Most Recent