မန်ယူအသင်းတွင် မိမိ၏အရည်အသွေးကိုသက်သေပြခွင့်မရခဲ့ဟု ဒီမာရီယာ ဖွင့်ဟ

မန်ယူအသင်းတွင် မိမိ၏အရည်အသွေးကိုသက်သေပြခွင့်မရခဲ့ဟု ဒီမာရီယာ ဖွင့်ဟ
Published 12 February 2019

PSG အသင်း၏အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာက ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် ယှဉ် ပြိုင်ရမည့် မန်ယူအသင်းနှင့်ပွဲစဉ်မတိုင်မီ အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်း၌ ကစားနေစဉ်အတွင်း မိမိ၏အရည်အသွေးကို သက်သေပြခွင့်မရခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ 

ဒီမာရီယာသည် ၂၀၁၄ ခုနှစ်တွင် ရီးယဲလ်အသင်းမှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀)ဝန်းကျင်ဖြင့် မန်ယူသို့ရောက်ရှိလာခဲ့သော်လည်း နည်းပြ ဗန်ဟားလ်နှင့်ဆက်ဆံရေးအဆင်မပြေဖြစ်ကာ ပရီးမီးယားလိဂ် (၂၇)ပွဲပါဝင်ကစားခဲ့ရာ၌ (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ဒီမာရီယာက ''ကျွန်တော် အဲဒီမှာ တစ်နှစ်လောက်ပဲ ကစားခဲ့ရတယ်။ သေချာတာကတော့ ကျွန်တော့်ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်မ ဟုတ်ခဲ့ဘူး။ သူတို့ဟာ ကျွန်တော့်ရဲ့အရည်အသွေးကို သက်သေပြခွင့်မရအောင် ပိတ်ပင်ခဲ့တယ်''ဟု ပြောကြားခဲ့သည်။  

ထို့ပြင် ၎င်းက အသင်းနည်းပြ ဗန်ဟားလ်နှင့် မပြေလည်မှုများရှိခဲ့သည်ဟု ဝန်ခံခဲ့ပြီး PSG အသင်းသို့ ပြောင်းရွှေ့ခွင့်ရခဲ့မှုနှင့် ခြေစွမ်းပြန်ပြနိုင်မှုများအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဒီမာရီယာသည် ၂၀၁၄-၁၅ ရာသီအတွင်း မန်ယူအသင်း၌ ပြိုင်ပွဲစုံ(၃၂)ပွဲကစားကာ (၄)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent