တိုကျိုတွင် ပြုလုပ်မည့် ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတစ်ရပ် မတိုင်မီ မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဂျပန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်အတွင်း ဘင်္ဂါလီမွတ်စလင်ကိစ္စ၌ အစိုးရ၏ ကိုင်တွယ်မှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိစေရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၈ ရက်တွင် ကတိပေးခဲ့ကြောင်း သိရသည်။
တစ်ချိန်က ကမ္ဘာ့လူ့အခွင့်အရေး ချန်ပီယံတစ်ဦးအဖြစ် ချီးမြှောက်ခံရသူတစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရှိ ဘင်္ဂါလီမွတ်စလင် လူနည်းစုများအပေါ် တပ်မတော်က ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားရန် ပျက်ကွက်ခဲ့သောကြောင့် ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က ဂျပန်လုပ်ငန်းရှင်များအား မိန့်ခွန်းပြောကြားရာ၌ “အထူးသဖြင့် ရခိုင်အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးမျက်နှာစာမှာ ကျွန်မတို့ ရုန်းကန်နေရတာနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ကျွန်မတို့မှာ ရှိတယ်ဆိုတာကို အသိပေးဖို့ ကျွန်မ အဆင်သင့်ပါပဲ” ဟု ဆိုသည်။
“ကျွန်မတို့က အဲဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး ကျွန်မတို့မိတ်ဆွေတွေကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
တိုကျိုတွင် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပြောကြားသောမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သူ၏နိုင်ငံရှိ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် လိုအပ်နေသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သည်။
“ပိုမိုကြီးမားတဲ့ စီးပွားရေး အခွင့်အလမ်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ကျွန်မတို့ ထပ်မံရှာဖွေတဲ့အခါ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ သဟဇာတဖြစ်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး ဒါတွေအားလုံးဟာ ထည့်သွင်း စဉ်းစားရမယ့် အရာတွေပဲဆိုတာ ကျွန်မတို့ နားလည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ကျွန်မတို့မိတ်ဆွေတွေကို အလွန်ပွင့်လင်းပြီး မြင်သာစေဖို့ရာ ကျွန်မတို့ ဆန္ဒရှိပါတယ်။ ရှင်တို့အနေနဲ့ စိုးရိမ်မှုရှိရင်၊ ပူပန်မှုရှိမယ်ဆိုရင် ကျေးဇူးပြုပြီး ဒါကို ကျွန်မတို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လွန်ခဲ့သည့်နှစ်က တပ်မတော် စစ်ဆင်ရေးတစ်ရပ်ကြောင့် ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ကျော်သည် မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြပြီး ယခုအခါ ဒုက္ခသည်စခန်းများ၌ ကျပ်ညပ်စွာ နေထိုင်လျက်ရှိရာ ပြန်လည်လက်ခံရန် သဘောတူထားသော်လည်း မြန်မာနိုင်ငံသို့ ပြန်လာရန် စိုးရိမ်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ပါလီမန်အမတ်နေရာ လေးပုံတစ်ပုံနှင့် ဝန်ကြီးဌာနသုံးခုကို ထိန်းချုပ်ထားသည့် သြဇာကြီးမားနေဆဲ တပ်မတော်က သူ၏လက်များကို ချုပ်နှောင်ထားသည်ဟု ဆိုကြသည်။
အောက်တိုဘာ ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နှင့် အရှေ့တောင်အာရှခေါင်းဆောင်များ တက်ရောက်မည့် ၁၁ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲ၌ သဘာပတိအဖြစ် ဆောင်ရွက်မည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံမှုတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။















