လေယာဉ်ပျက်အတွင်းတွင် တွေ့ရှိသည့်ရုပ်အလောင်းမှာ ကာဒစ်ဖ်တိုက်စစ်မှူးသစ် အီမီလီယာနိုဆာလာဖြစ်သည်ဟု ဗြိတိန်ရဲများက အတည်ပြုပြီးနောက် ၎င်းအတွက် နာမည်ကျော်ကစားသမားများက ဝမ်းနည်းစကားဆိုခဲ့ကြောင်း သိရသည်။
အသက် (၂၈)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အီမီလီယာနိုဆာလာသည် ဇန်နဝါရီလ (၂၁)ရက်နေ့က နန့်စ်မြို့မှာ ကာဒစ်ဖ်မြို့သို့ လေယာဉ်ဖြင့် လာရောက်စဉ် အင်္ဂလိပ်ရေလက်ကြားတွင် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် အင်္ဂလိပ်ရေလက်ကြားအတွင်း အီမီလီယာနိုဆာလာ စီးနင်းလာသည့် လေယာဉ်ပျက်အတွင်းမှ ရုပ်အလောင်းတစ်ခုကို ရှာဖွေသူများက တွေ့ရှိခဲ့သည်။
ယင်းရုပ်အလောင်းကို စစ်ဆေးခဲ့ပြီးနောက် အီမီလီယာနိုဆာလာဖြစ်သည်ဟု ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ဗြိတိန်ရဲများက အတည်ပြုကြေညာခဲ့သည်။
အီမီလီယာနိုဆာလာ သေဆုံးကြောင်းအတည်ပြုပြီးနောက် ၎င်း၏အစ်မဖြစ်သူအပါအဝင် နာမည်ကျော်ကစားသမားများက ဝမ်းနည်းစကားနှင့် ဆုတောင်းစကားများ ပြောဆိုခဲ့ကြသည်။
အီမီလီယာနိုဆာလာ၏ အစ်မဖြစ်သူ ရိုမီနာက "ငါ့ဘဝတစ်လျှောက်လုံး မင်းနဲ့အတူ ရှိနေမှာပါ။ မင်းကို ချစ်တယ်"ဟု Instagram တွင် ရေးတင်ခဲ့သည်။ ထို့အတူ ပရီးမီးယားလိဂ်မှာ နာမည်ကျော်ကစားသမားများ ဖြစ်သည် လီဗာပူးလ်နောက်ခံလူ လိုဗရန်၊ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်၊ မန်ယူတောင်ပံကစားသမား ဗလင်စီယာ၊ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးတို့အပြင် PSG လူငယ်တိုက်စစ်မှူး ဘာပေကပါ အီမီလီယာနိုဆာလာအတွက် ဝမ်းနည်းစကားနှင့် ဆုတောင်းစာများကို ရေးသားခဲ့ကြသည်။
အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ၎င်း၏ Instagram တွင် "အီမီလီယာနိုဆာလာရဲ့ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်းကို ဖော်ပြဖို့စကားလုံးတောင် ကျွန်တော် ရှာမတွေ့ပါဘူး။ ဆာလာရဲ့ မိသားစု၊ ပိုင်းလော့ရဲ့မိသားစုတို့နဲ့ ထပ်တူခံစားရပါတယ်"ဟု ရေးသားခဲ့သည်။
မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကလည်း "အရမ်းကို ဝမ်းနည်းရပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ အီမီလီယာနို။ အီမီလီယာနိုဆာလာရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ထပ်တူခံစားရပါတယ်"ဟု ပြောကြားခဲ့သည်။