ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက မိမိတို့၏ လက်ရှိလုပ်ဆောင်နေသော အပြောင်းအရွှေ့လှုပ်ရှားမှုများသည် အသင်း ခေါင်းဆောင်မက်ဆီ မရှိတော့မည့်အချိန်အတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုနောက်ပိုင်းနှစ်များအတွင်း လာလီဂါ၌ ငွေကြေးသုံးစွဲ မှု အများဆုံးအသင်းဖြစ်နေခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်လာရသည့်အတွက် ဘာတိုမူက ယခုကဲ့သို့တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် ဘာတိုမူသည် ၂၀၂၁ ခုနှစ် တွင်ပြုလုပ်မည့် ဥက္ကဋ္ဌရွေးကောက်ပွဲ၌ ထပ်မံရွေးချယ်ခံရရန် မလွယ်ကူတော့ဟု သုံးသပ်မှုများရှိလာသည့်အတွက် ဖြေရှင်းခဲ့သည့်သဘောလည်းဖြစ်သည်။
ဘာတိုမူက "တစ်နေ့မှာ မက်ဆီက အနားယူတော့မယ်လို့ ပြောလာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ အနာဂတ်အတွက် ပြင်ဆင်နေတာပါ။ ထိပ်တန်းလူငယ်ကစားသမားတွေကို ခေါ်ယူနေတာဟာ လက် ရှိပုံစံအတိုင်း အောင်မြင်မှုတွေနဲ့ ရှေ့ဆက်နိုင်ဖို့ဖြစ်ပါတယ်။ လာမယ့်(၂)ရာသီအတွင်း မျှော်လင့်ထားသလို ဖြစ်လာဖို့ ကျွန်တော်ရည်ရွယ်ထားပါတယ်။ ဥက္ကဋ္ဌသစ်ကို အကောင်းဆုံးအသင်း ပေးအပ်သွားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
မက်ဆီသည် လာမည့် ဇွန်လတွင် အသက်(၃၂)နှစ်ပြည့်တော့မည်ဖြစ်သော်လည်း ဘာစီလိုနာအသင်းက ၂၀၂၃ ခုနှစ်အထိ သက်တမ်းထပ်တိုးရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။