ရေအောက်ရှိ ဆာလာ၏လေယာဉ်အတွင်း ရုပ်အလောင်းတွေ့ရှိဟု AAIB အတည်ပြု

ရေအောက်ရှိ ဆာလာ၏လေယာဉ်အတွင်း ရုပ်အလောင်းတွေ့ရှိဟု AAIB အတည်ပြု
Photos : AFP
Photos : AFP
Published 5 February 2019

ကာဒစ်ဖ်အသင်းတိုက်စစ်မှူး ဆာလာ လိုက်ပါသွားသည့် လေယာဉ်အား ရေအောက်၌ရှာဖွေတွေ့ရှိပြီးနောက် ကိုယ်ထည် အတွင်း ရုပ်အလောင်းတွေ့ရှိကြောင်း ဗြိတိန်လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ AAIB က ဖေဖော်ဝါရီ ၄ ရက်တွင် အတည်ပြုထုတ်ပြန်သည်။

ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြင်သစ်ကလပ် နန့်စ်အသင်းမှ ကာဒစ်ဖ်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြင့် ပြောင်းရွှေ့ရန် စာချုပ်လက်မှတ်ရေးထိုးထားသူ ဆာလာသည် ဇန်နဝါရီ ၂၁ ရက် ညပိုင်းက ကာဒစ်ဖ်မြို့သို့သွားရောက်စဉ် အင်္ဂလိပ်ရေလက်ကြား၌ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ဒေသခံရဲတပ်ဖွဲ့က ၎င်းအားရှာဖွေမှုကို ဇန်နဝါရီ ၂၄ ရက်ကတည်းက ရပ်ဆိုင်းခဲ့သော်လည်း ဆာလာ၏မိသားစုဝင်များက အွန်လိုင်းမှတစ်ဆင့် ရန်ပုံငွေကောက်ခံ၍ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဆက်လက်ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်က ပြင်သစ်နိုင်ငံ အနောက်မြောက်ဘက်ကမ်းရိုးတန်း၌ အဆိုပါလေယာဉ်မှ ထိုင်ခုံဟုယူဆရသည့် ပစ္စည်းများ တွေ့ရှိခဲ့ရပြီးနောက် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရေအောက်ရှာဖွေရေးလုပ်ငန်း၌ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရှာဖွေရေးလုပ်ငန်းကို ဖေဖော် ၀ါရီ ၃ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး ယင်းနေ့မှာပင် လေယာဉ်အစိတ်အပိုင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    

''အဲဒီလေယာဉ်ကိုတွေ့ပြီဆိုတာ အတည်ပြုနိုင်ပါတယ်''ဟု AAIB ၏ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃ ရက် ညပိုင်းတွင် ပြောကြားသည်။

နောက်တစ်နေ့ နံနက်ပိုင်းတွင် ၎င်းက ''ROV (အဝေးထိန်းရေယာဉ်) ကရရှိတဲ့ ဗီဒီယိုမှတ်တမ်းအရ လေယာဉ်အတွင်းပိုင်းမှာ ခန္ဓာကိုယ်တစ်ခုပုံစံမျိုး မြင်တွေ့ရပါတယ်''ဟု ဆက်လက်ပြောကြားသည်။