လွှတ်တော်မှ အတည်ပြုလိုက််သည့် အဆိုများသည် အစိုးရစီမံကိန်းများကို အမှန်တကယ် အထောက်အကူပြုကာ တိုင်းပြည်ဖွံ့ဖြိုးရေးကို သက်ရောက်စေခြင်း ရှိ မရှိနှင့် ပြည်သူ့များဘဝကို အထောက်အကူဖြစ်စေလား ဆိုသည်ကို အာမခံ/ကတိ (ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ) ၏ အစီအရင်ခံစာတွင် ဖော်ပြသင့်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းက အကြံပြုပြောကြားခဲ့သည်။
နေပြည်တော်၌ ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ယင်းကဲ့သို့ အကြံပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်ထောင်စုအစိုးရ အနေနဲ့ ယခုတိုင် ငါးနှစ်တာ အမျိုးသားစီမံကိန်းကို ရေးဆွဲပြီး လွှတ်တော်ကို တင်ပြခြင်း မရှိသေးတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုတွေဟာ အစိုးရရဲ့ စီမံကိန်းတွေကို အမှန်တကယ် အထောက်အကူပြုကာ တိုင်းပြည်ဖွံ့ဖြိုးမှုကို သက်ရောက်စေရဲ့လား၊ သို့တည်းမဟုတ် အစိုးရကို အခက်အခဲ ဖြစ်စေသလား၊ ဘက်ပေါင်းစုံကနေ ဟန်ချက်ညီညီ ဖြစ်စေရဲ့လား၊ အစိုးရရဲ့ ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် သက်ရောက်မှု ရှိနေသလား၊ အစိုးရကရော အမှန်တကယ် အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါရဲ့လား၊ လက်တွေ့မှာ အမှန်တကယ်ရော ပြည်သူတွေရဲ့ဘဝကို အထောက်အကူဖြစ်စေရဲ့လား ဆိုတာကို ကော်မတီအနေနဲ့ ဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နဲ့ အသေးစိတ် ကြားနာပြီး အစီရင်ခံစာတွင် ဖော်ပြသင့်ကြောင်း အပြုသဘော အကြံပြုဆွေးနွေး တင်ပြအပ်ပါတယ်”ဟု ဗိုလ်မှူးဇင်လင်းက ပြောကြားသည်။
ဆက်လက်ပြီး အတည်ပြုထားသော အဆိုများကို နှစ်အလိုက်ကြည့်ပါက၂၀၁၆ ခုနှစ် တွင် ၁၀ ခု၊ ၂၀၁၇ ခုနှစ်တွင် ၂၁ ခု၊ ၂၀၁၈ ခုနှစ်တွင် ၁၅ ခုနှင့် ၂၀၁၉ ခုနှစ်တွင် နှစ်ခုဖြစ်ပြီး အတည်ပြုထားသည့် အဆိုများတွင် ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွွက်နိုင်သော ကိစ္စရပ်များရှိသကဲ့သို့ ဆောင်ရွက်ဆဲ ကိစ္စရပ်များလည်း ရှိကြောင်း၊ ရေရှည်မူဝါဒ ချမှတ်ပြီး စီမံချက်များ ရေးဆွဲကာ ငွေကြေး အများအပြား သုံးစွဲရမည့်ကိစ္စရပ်များ ရှိမည်ဖြစ်သည့်အတွက် ဆောင်ရွက်ပြီးဖြစ်သော အဆိုများနှင့် ပတ်သက်၍ ကော်မတီအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ပြီးစီးမှု ရလဒ်၊ အကျိုးအမြတ်များကို စိစစ်ကြားနာပြီး လွှတ်တော်သို့ အစီရင်ခံ တင်ပြသင့်ကြောင်း၊ အချို့အဆိုများအနေဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန် လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေး၊ နည်းပညာနှင့် ဥပဒေများပါ ပြင်ဆင်ရန် လိုအပ်မည်ဖြစ်တဲ့အတွက် မည်သည့် အခက်အခဲများကြောင့် ကြန့်ကြာနေသည် မည်မျှအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကိုလည်း ကော်မတီအနေဖြင့် ကြားနာပြီး လွှတ်တော်သို့ အစီရင်ခံတင်ပြသင့်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် အတည်ပြုထားသည့် အဆိုအများစုသည် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များက သဘောတူသည့်အတွက် ကတိကဝတ်ပြုထားသည့် သဘောဖြစ်ခြင်းကြောင့် ထိုကတိကဝတ်များကို တည်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကော်မတီအနေဖြင့် သက်ဆိုင်ရာ ကော်မတီများနှင့်အတူ စဉ်ဆက်မပြတ် စောင့်ကြည့်ကာ အပြည့်အဝ ဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံတကာတွင် မည်သို့ဆောင်ရွက်ကြသည်ကို ကော်မတီအနေဖြင့် လေ့လာရန် လိုအပ်မည် ဖြစ်ကာ အဆိုတစ်ခုချင်းစီအပေါ် အကြံပြုသုံးသပ်ချက်များကိုပါ အစီရင်ခံစာတွင် ဖော်ပြသင့်ကြောင်း ၎င်းက ပြောကြားသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်း သုံးနှစ်ကာလအတွင်း ယနေ့အချိန်အထိ တင်သွင်းသော အဆိုစုစုပေါင်း ၁၁၉ ခုရှိပြီး ဆွေးနွေးရန် ကျန်ရှိနေသည် အဆို ခုနစ်ခုရှိကြောင်း၊ အဆိုများအပေါ်တွင် ဆွေးနွေးခဲ့သော ကိုယ်စားလှယ် စုစုပေါင်း ၁၃၀၃ ဦးရှိပြီး အတည်ပြုခဲ့သည့် အဆိုများမှာ သာမန် အဆို ၄၂ ခု၊ အရေးကြီးအဆို ခြောက်ခု စုစုပေါင်း ၄၈ ခုရှိခဲ့ကြောင်း ဗိုလ်မှူးဇင်လင်းက ပြောကြားသည်။