ပြည်ပသို့ တရားမဝင် ငွေလွှဲပို့ခြင်း (Hundi) များအနက် ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် ငွေလွှဲမှုသည် အများဆုံးဖြစ်ကြောင်း နှင့် တရားမဝင် ငွေလွှဲလုပ်ငန်းကို ထိန်းကျောင်းရန်အတွက် စည်းမျဉ်းတစ်ရပ်အား မူကြမ်း ပြုစုရေးဆွဲပြီး ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။
ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး၏ ပြည်ပသို့ တရားမဝင် ငွေလွှဲဝန်ဆောင်မှု (Hundi) နှင့်စပ်လျဉ်းသည့် မေးခွန်းကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ တရားမဝင် ငွေလွှဲပေးပို့ခြင်းသည် ငွေကြေးပမာဏ များပြားပြီး ၎င်းပမာဏအနက် ကုန်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ငွေလွှဲမှုမှာ အများစုဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တရားမဝင် ငွေကြေးလွှဲပို့မှုလုပ်ငန်းများ ရှိနေခြင်း ဖြင့် နိုင်ငံတော်အတွက် အခွန်များ ဆုံးရှုံးမှုရှိသကဲ့သို့ တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများက မသမာမှုပြုခြင်း၊ တိမ်းရှောင်ခြင်းများ ရှိသဖြင့် ငွေလွှဲသူများတွင် ဆုံးရှုံးမှုများ ကြုံတွေ့ရပြီး နစ်နာမှုများ ကြုံတွေ့နိုင်ပါတယ်။ ယင်းအတွက်ကြောင့် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြင့် ပြည်ပသို့ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်းများ လျော့နည်း ပပျောက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်”ဟု ဦးဘိုဘိုငယ်က ပြောကြားသည်။
ပြည်ပနိုင်ငံများသို့ တရားမဝင် ငွေလွှဲဝန်ဆောင်မှုအား ကိုင်တွယ်ဖြေရှင်းရန်၊ တစ်နည်းအားဖြင့် တရားမဝင် ငွေလွှဲခြင်း (Hundi) လုပ်ငန်းကို တရားဝင် ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီအတွင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်အဖွဲ့များသည် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် လေ့လာရေးခရီးစဉ် အပါအဝင် စိစစ်တွေ့ရှိချက်များအရ တရားမဝင် ငွေလွှဲပေးပို့မှု အများစုသည် ကုန်သွယ်ရေးနှင့် ဆိုင်သည့် လွှဲပို့ငွေများဖြစ်သဖြင့် ပို့ကုန်သွင်းကုန်များအား စျေးကွက်ပေါက်စျေးအတိုင်း သတ်မှတ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပုံမှန်ဆောင်ရွက်လျက်ရှိသည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင် တင်ပြညှိနှိုင်းဆွေးနွေးခဲ့ခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်များအား စျေးကွက်ပေါက်စျေးအတိုင်း လက်ခံရန်နှင့် စျေးနှုန်းကန့်သတ် ဆောင်ရွက်ခြင်း မပြုတော့ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် စျေးနှုန်း လိမ်လည်တင်ပြမှုများရှိပါက Post Audit ဖြင့် အရေးယူနိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဆက်လက်ပြီး တရားမဝင် ငွေလွှဲလုပ်ငန်းကို ထိန်းကျောင်းရန်အတွက် စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့၏ အတွေ့အကြုံ၊ ဆောင်ရွက်သည့် နည်းလမ်းများအား ရယူ၍ စည်းမျဉ်းတစ်ရပ်အား မူကြမ်းပြုစု ရေးဆွဲပြီးဖြစ်ကြောင်း၊ ယင်းစည်းမျဉ်း မူကြမ်းအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့့ အစည်းအဝေးတွင် တင်ပြခြင်း၊ ရှေ့နေချုပ်ရုံး၏ သဘောထား မှတ်ချက်ရယူခြင်း၊ အခြားသက်ဆိုင်သည့် ဝန်ကြီးဌာနများဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့၏ သဘောထား မှတ်ချက်များ ရယူခြင်း၊ ၎င်းတို့၏ သဘောထားမှတ်ချက်များကို စုစည်း၍ သက်ဆိုင်ရာကော်မတီသို့ တင်ပြခြင်း၊ ယင်းသက်ဆိုင်ရာ ကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်ကို ရယူခြင်း စသည့်လုပ်ငန်းစဉ်များကို ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဘိုဘိုငယ်က ပြောကြားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားသော နိုင်ငံပိုင် ဘဏ်သုံးဘဏ်၊ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ် စုစုပေါင်း ၃၅ ဘဏ်တို့သည် ပြည်ပသို့ ငွေလွှဲပေးပို့ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရှိပြီး အဆိုပါ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်အနက် ၁၃ ဘဏ်သည် နိုင်ငံတကာ ငွေလွှဲလုပ်ငန်း ကုမ္ပဏီများဖြစ်သော Western Union ၊ Moneygram၊ True Money အစရှိ သည့် ပြည်ပငွေလွှဲ ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပြည်ပသို့ ငွေလွှဲလုပ်ငန်း ဆောင်ရွက်လျက်ရှိကာ ယင်းသို့ ငွေလွှဲပေးပို့ရာတွင် ကုန်သွယ်မှုအတွက် ငွေလွှဲပေးပို့ခြင်းနှင့် ကုန်သွယ်မှုအတွက် မဟုတ်သော ငွေလွှဲပေးပို့ခြင်းတို့ရှိပြီး နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေအရ ကုန်သွယ်မှုအတွက် ငွေလွှဲပေးပို့ခြင်းများအတွက် တစ်ကြိမ်လျှင် ငွေလွှဲပေးပို့နိုင်သည့် ငွေကြေးပမာဏအား ကန့်သတ်ထားခြင်း မရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ထုတ်ပြန်သော နိုင်ငံခြားသုံးငွေစီမံခန့်ခွှဲမှု စည်းမျဉ်းအပိုဒ် ၂၇ အရ အထက်ဖော်ပြပါ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ၃၅ ဘဏ်သည် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ ပြည်ပခရီးစဉ်များ၊ ဆေးကုသမှု၊ ပညာသင်စရိတ်နှင့် စာမေးပွဲကြေးများ၊ ညီလာခံနှင့် ဆွေးနွေးပွဲ တက်ရောက်ခြင်း၊ ပြည်ပတွင် နေထိုင်သည့် မိသားစုဝင်များ၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ်တို့အတွက် အများဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ ပမာဏကို သတ်မှတ်ထားသည့် အထောက်အထားများ တင်ပြလာပါက စိစစ်ပြီး လွှဲပို့နိုင်ကြောင်း နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၂၉ အရ အမေရိကန်ဒေါ်လာ ၁၀၀၀၀ သို့မဟုတ် ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေထက် ပိုများသောပမာဏကို လွှဲပြောင်းပေးချေလိုပါက ဗဟိုဘဏ်သို့ တင်ပြခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။