ဝင်ငွေအကောင်းဆုံးလိဂ်အဖြစ် ပရီးမီးယားလိဂ်နှင့် ဝင်ငွေအများဆုံး ကလပ်အဖြစ် မန်ယူ ရပ်တည်နေ

ဝင်ငွေအကောင်းဆုံးလိဂ်အဖြစ် ပရီးမီးယားလိဂ်နှင့် ဝင်ငွေအများဆုံး ကလပ်အဖြစ် မန်ယူ ရပ်တည်နေ
Published 19 January 2019

၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဥရောပ၌ ဝင်ငွေအကောင်းဆုံးလိဂ်အဖြစ် အင်္ဂလန်ပရီးမီးယားလိဂ်နှင့် ဝင်ငွေအကောင်းဆုံး ကလပ်အဖြစ် မန်ယူအသင်းတို့ ရပ်တည်နိုင်ခဲ့ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က တရားဝင်ထုတ်ပြန်သည့် စစ်တမ်းအရ သိရသည်။

ယင်းဘဏ္ဍာရေးစစ်တမ်းကို UEFA ၏ ကလပ်အသင်းများ လိုင်စင်စံသတ်မှတ်ရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် UEFA အဖွဲ့ဝင် ၅၅ နိုင်ငံရှိ အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲ ၅၅ ခုမှ ကလပ်အသင်း ၇၁၀ ၏ ဝင်ငွေစုစုပေါင်းမှာ ယူရို ၂၀ ဒသမ ၁၁ ဘီလျံရှိကြောင်း သိရသည်။

ကလပ်အသင်းများ၏ ဝင်ငွေစုစုပေါင်းမှာ ယခင်နှစ်ထက် ယူရို ၁ ဒသမ ၆ ဘီလျံ ထပ်မံ မြင့်တက်လာပြီး ရုပ်သံထုတ်လွှင်ခွင့်ဝင်ငွေ တိုးတက်လာသည့်အပြင် UEFA ၏ ဘဏ္ဍာ ရေးစည်းမျဉ်း (FFP) ကြောင့် အရှုံးပမာဏ လျော့နည်းသွားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနက် ထိပ်တန်းကလပ် ၃၀ ၏ ဝင်ငွေပမာဏမှာ ယူရို ၉ ဒသမ ၇ ဘီလျံရှိပြီး ကလပ်အသင်းအားလုံး ဝင်ငွေစုစုပေါင်း၏ ၄၉ ရာခိုင်နှုန်းအထိ ရှိနေသည်။ ဝင်ငွေအကောင်းဆုံး ထိပ်တန်းကလပ် ၃၀ တွင် ပရီးမီးယားလိဂ်ကလပ် ၁၃ သင်းအထိ ပါဝင်နေပြီး လိဂ်ပြိုင်ပွဲအလိုက် ဝင်ငွေအများဆုံး စာရင်းတွင်လည်း ပရီးမီးယားလိဂ်က ယူရို ၅ ဒသမ ၃ ဘီလျံဖြင့် ရပ်တည်လျက်ရှိသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဝင်ငွေမှာ အနီးဆုံးပြိုင်ဘက် လာလီဂါပြိုင်ပွဲ (ယူရို ၂ ဒသမ ၉ ဘီလျံ) ထက် နှစ်ဆနီးပါးပိုများပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲက ယူရို ၂ ဒသမ ၈ ဘီလျံဖြင့် တတိယ၊ စီးရီးအေပြိုင်ပွဲက ယူရို ၂ ဒသမ ၂ ဘီလျံဖြင့် စတုတ္ထ၊ လီဂူး-၁ ပြိုင်ပွဲက ယူရို ၁ ဒသမ ၆ ဘီလျံဖြင့် ပဥ္စမနေရာ ရပ်တည်နေကြောင်း သိရသည်။

ကလပ်တစ်သင်းချင်းအလိုက် ဝင်ငွေအများဆုံး စာရင်းတွင် မန်ယူအသင်းက ယူရို ၆၇၆ သန်းဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ သုံးကြိမ်ဆက်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းထက် ယူရိုတစ်သန်း အသာဖြင့် ရပ်တည်နိုင်ခြင်းဖြစ်သည်။ ယင်း နှစ်သင်း၏နောက်တွင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ PSG ၊ အာဆင်နယ်၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ ဂျူဗင်တပ်စ် စသည့်အသင်းများ အစဉ်လိုက် ရပ်တည်နေပြီး ၎င်းတို့အား လုံးမှာ ဝင်ငွေ ယူရိုသန်း ၄၀၀ အထက်ရရှိခဲ့ကြောင်း သိရသည်။ ကွင်းအတွင်း ပရိသတ်အများဆုံး ကြည့်ရှုသည့်လိဂ်အဖြစ် ဘွန်ဒစ်လီဂါပြိုင်ပွဲက တစ်ပွဲပျမ်းမျှ ၄၄,၅၁၁ ဦးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲက ၃၈,၃၁၀ ဦး၊ လာလီဂါပြိုင်ပွဲက ၂၇,၀၆၈ ဦး၊ စီးရီးအေပြိုင်ပွဲက ၂၄,၇၀၆ ဦး၊ လီဂူး-၁ ပြိုင်ပွဲ က ၂၂,၅၄၈ ဦးဖြင့် ရပ်တည်နေသည်။ ထို့ပြင် တစ်ပွဲပျမ်းမျှ လက်မှတ်စျေးနှုန်းအမြင့်ဆုံးအဖြစ် PSG အသင်းက ၈၆ ဒသမ ၉ ယူရိုဖြင့်  ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းက ၈၆ ဒသမ ၇ ယူရိုနှင့် အာဆင်နယ်အသင်းက ၈၅ ဒသမ ၁ ယူရိုဖြင့် ရပ်တည်လျက်ရှိသည်။ အိမ်ကွင်းပရိသတ် အများဆုံးအသင်းတွင် လည်း မန်ယူအသင်းက ၁ ဒသမ ၄၂ သန်း ဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။