ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တယ်ဟီက လက်ရှိတွင် ရလဒ်များဆိုးရွားနေသော်လည်း ရာထူးအတွက် စိတ်မပူကြောင်း ပြောကြားခဲ့သည်။ စနေနေ့ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် အလာဗတ်စ်အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ်ခဲ့ခြင်းမှာ ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၄)ပွဲဆက်နိုင်ပွဲပျောက်ဆုံးခြင်းဖြစ်သလို၊ ယင်း(၄)ပွဲစလုံးတွင် သွင်းဂိုး (၁)ဂိုးမျှ မရရှိခဲ့ကြောင်းလည်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ပြိုင်ပွဲစုံ (၄)ပွဲဆက်ဂိုးမိုးခေါင်နေခြင်းမှာ ၁၉၈၅ ခုနှစ်နောက်ပိုင်း အသင်းသမိုင်းတွင် အကြာရှည်ဆုံးဖြစ်ပြီး (၆)နာရီ နှင့် (၄၉)မိနစ်ကြာ ဂိုးပေါက်ပျောက်နေခဲ့ခြင်းလည်း ဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်း၏ သမိုင်းတွင် (၄)ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့သည့် နည်းပြ (၂) ဦး ရှ်ိခဲ့ဖူးပြီး ၎င်းတို့ (၂)ဦးစလုံးမှာ ရာထူးမှထုတ်ပယ်ခံရခဲ့ကြောင်း သိရသည်။
၁၉၈၂ ခုနှစ်က ရီးယဲလ်မက်ဒရစ်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့် ဘော့စ်ကော့ဗ် မှာ (၄)ပွဲဆက်ဂိုးပေါက်ပျောက်ပြီး (၁၁)ရက်အကြာတွင် ရာထူးမှထုတ်ပယ်ခံရသလို၊ ၁၉၈၅ ခုနှစ်က ရီးယဲလ်မက်ဒရစ်ကိုနည်းပြခဲ့သည့် အာမန်စီယိုမှာလည်း (၄)ပွဲဆက် ဂိုးပေါက်ပျောက်ပြီးနောက်ရာထူးမှ ချက်ချင်းထုတ်ပယ်ခံခဲ့ရသည်။ ထို့ကြောင့် အသင်းသမိုင်းတွင် (၄)ပွဲဆက်ဂိုးပေါက်ပျောက်နေသည့် တတိယ မြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည့် လိုပယ်တယ်ဟီမှာလည်း ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
ရလဒ်များဆိုးရွားနေပြီး (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ခြင်းအတွက် ဖိအားများ ခံစားနေရပြီလားဟု မီဒီယာများ၏ မေးမြန်းမှုကို လိုပယ်တယ်ဟီက "ဒါတွေက ခင်ဗျားတို့(သတင်းထောက်များ)စိတ်ဝင်စားတဲ့အရာပါ။ ဒီမေးခွန်းက ကျွန်တော့်ကို စိတ်မပူစေပါဘူး။ နည်းပြတစ်ယောက်ရဲ့ဘဝဟာ ဘယ်လိုလဲဆိုတာကို ကျွန်တော် ကောင်းကောင်းနားလည်တယ်။ အထူးသဖြင့် ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးမှာပေါ့။ ဒါပေမဲ့ အခုမှ အောက်တိုဘာပဲ ရှိသေးတယ်။ ကျွန် တော်တို့ ရှေ့ဆက်ရမယ့်လမ်းက အများကြီးကျန်ပါသေးတယ်။ ကျွန်တော်တို့ အနေနဲ့ လက်ရှိအခြေအနေကို အကောင်းမြင်စိတ်နဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားမှာပါ" ဟု ပြောကြားခဲ့သည်။
ထို့ပြင် အလာဗတ်စ်အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်၌ ဒုတိယပိုင်းတွင် တိုက်စစ်ကစားသမားများဖြစ်သည့် ဘန်ဇီမာနှင့် ဂါရတ်ဘေးလ်တို့ကို လူစားလဲခဲ့ရခြင်းမှာ ကစားသမားများ၏ ဒဏ်ရာပြဿနာ များကြောင့်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ရလဒ်များ ဆိုးရွားနေခြင်း အတွက် ၎င်းတွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။