(၄)ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေသော်လည်း အသင်းတာဝန်ရှိ သူများ၏ထောက်ခံမှုကို ရရှိနေဆဲဟု နီကိုကိုဗက် ယူဆနေ

(၄)ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေသော်လည်း အသင်းတာဝန်ရှိ သူများ၏ထောက်ခံမှုကို ရရှိနေဆဲဟု နီကိုကိုဗက် ယူဆနေ
Published 7 October 2018

 

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗက်က ပြိုင်ပွဲ စုံ (၄)ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့သော်လည်း ၎င်းအနေဖြင့် အသင်းတာဝန်ရှိသူများ၏ ယုံကြည်မှုကိုရရှိနေဆဲဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

စနေနေ့က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် မိုချန်ဂလာဘတ်အသင်းအား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းမှာ အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဒေါ့မွန်အသင်းနှင့် (၄)မှတ်အထိ ကွာဟသွားခဲ့ သည်။ ယင်းရှုံးပွဲမှာ ဘိုင်ယန်မြူးနစ်အတွက်၂၀၁၅ခုနှစ်၊ မေလနောက်ပိုင်း ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ပထမဆုံးအကြိမ် (၂)ပွဲဆက်ရှုံးနိမ့်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် နီကိုကိုဗက်မှာ ဘိုင်ယန်မြူးနစ်ကစားသမားများနှင့် ပြဿနာတက်နေသည်ဟု သတင်းများထွက်ပေါ်နေရာ ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌ အူလီဟိုးနက်စ်နှင့် အမှုဆောင်အရာရှိချုပ် ရူမင်နစ်ဂီတို့သည် ၎င်းကိုစိတ်ပျက်စပြုလာပြီဟု ဂျာမန်မီဒီယာများက သုံးသပ်ခဲ့ ကြသည်။

သို့သော် နီကိုကိုဗက်က "ပထမဆုံးပွဲစဉ် (၇)ပွဲဆက် နိုင်တုန်းက သူတို့(ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများ) ရဲ့ ထောက်ခံမှုကို ကျွန်တော်ရရှိခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာလည်း သူတို့ရဲ့ ထောက်ခံမှုကို ကျွန်တော် ရရှိနေဆဲပဲလို့ ယူဆပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော့်အပိုင်းတော့ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် နီကိုကိုဗက်က မိုချန်ဂလာဘတ်နှင့်ပွဲတွင် အသင်းကစားသမားများသည် တစ်ဦးချင်းအမှားများစွာကျူး လွန်ခဲ့ကြောင်းနှင့် ပြဿနာတက်နေသည်ဟု သတင်းထွက်နေသည့် ဟာမီးစ်ရိုဒရီဂွက်ဇ်မှာလည်း အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းက တစ်ဦးချင်းအမှားတွေ အများကြီးကျူးလွန်ခဲ့ပါတယ်။ အားလုံးကြိုးစားနေကြတယ်ဆိုပေမယ့် ကျွန်တော်တို့အနေနဲ့ ကွင်းအတွင်းမှာ အသင်းလိုက်စုစည်းမှု အားနည်းပါတယ်။ ဘောလုံးက အသင်းအဖွဲ့နဲ့ ကစားရတာဖြစ်လို့ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ ကစားနိုင်ဖို့ လိုပါတယ်။ ဟာမီးစ်ရိုဒရီဂွက်ဇ်ဟာ ကျွန်တော့်တို့ အတွက် အလွန်အရေးပါတဲ့ ကစားသမားပါ။ ဒါပေမဲ့ ကျွန် တော့်အနေနဲ့ ပွဲတစ်ပွဲမှာ ကစားသမား (၁၂)ဦးအထိ ထည့်ကစားလို့ မရပါဘူး။ သူ့အနေနဲ့ ပွဲတွေအများကြီး ကစားရမှာ ဖြစ်ပါတယ်"ဟု နီကိုကိုဗက်က ပြောကြားခဲ့သည်။

Most Read

Most Recent