လာလီဂါတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ် ရုန်းကန်နေရမှုကို အခွင့်အရေးယူနိုင်ရန် ဆီမြွန်နီ ပစ်မှတ်ထား

လာလီဂါတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ် ရုန်းကန်နေရမှုကို အခွင့်အရေးယူနိုင်ရန် ဆီမြွန်နီ ပစ်မှတ်ထား
Published 7 October 2018

 

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီသည် လာလီဂါပြိုင်ပွဲတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ရုန်းကန်နေရမှုကို အခွင့်အရေးယူနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းများဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့မှာ ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရပြီး ဇယားထိပ်ဆုံးမှ အသင်းများမှာ အမှတ်ကွာဟမှုကျဉ်းမြောင်းလျက်ရှိသည်။

ဆီမြွန်နီက "ဂျူဗင်တပ်စ်အသင်း ကြီးစိုးနေတဲ့ စီးရီးအေပြိုင်ပွဲကလွဲရင် ကျန်လိဂ်တွေအကုန်လုံးက ပြိုင်ဆိုင်မှု အရမ်းကို ပြင်းထန်ပါတယ်။ ဒါက ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းတိုင်းက ချန်ပီယံဆုကို မျှော်လင့်နိုင်တယ်လေ။ ကမ္ဘာ့ဖလားပြိုင်ပွဲရှိတဲ့နှစ်တွေဆိုရင် ဒီလိုပါပဲ။ အသင်းကြီးတွေအနေနဲ့ ရှေ့၊ လယ်၊နောက် မျှတဖို့ အရမ်းကြိုးစားရတယ်။ ဘောလုံးရာသီက ရှည်လွန်းတာကြောင့် အခုအချိန်ကကောက်ချက်ချဖို့ စောလွန်းပါသေးတယ်။ ကျွန်တော်တို့ကတော့ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းအောင်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကတော့ ကိုယ့်အသင်းကို အကောင်းဆုံးဖြစ်အောင်တည်ဆောက်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အက်သလက်တီကိုမက်ဒရစ်အသင်းသည် လာလီဂါအမှတ်ပေးဇယားတွင် ရမှတ် (၁၂)မှတ်ဖြင့်အဆင့် (၅)နေရာ၌ ရပ်တည်နေသော်လည်း အဆင့်(၁)နေရာမှ ဘာစီလိုနာအသင်း(၁၄ မှတ်)နှင့် (၂)မှတ်သာ ကွာဟနေကြောင်း သိရသည်။

Most Read

Most Recent