မန်ယူနည်းပြရာထူးအတွက် ရေပန်းစားနေခြင်းနှင့်ပတ်သက်ပြီး အခြားကလပ်အသင်း၏ ပြဿနာကို စိတ်မဝင်စားကြောင်း ပိုချက်တီနို တုံ့ပြန်

မန်ယူနည်းပြရာထူးအတွက် ရေပန်းစားနေခြင်းနှင့်ပတ်သက်ပြီး အခြားကလပ်အသင်း၏ ပြဿနာကို စိတ်မဝင်စားကြောင်း ပိုချက်တီနို တုံ့ပြန်
Photo: Tottenham FC via Getty Images
Photo: Tottenham FC via Getty Images
Published 18 December 2018

စပါးအသင်းနည်းပြ ပိုချက်တီနိုက မန်ယူနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေခြင်းနှင့်ပတ်သက်ပြီး အခြားကလပ်အသင်း၏ ပြဿနာကိုစိတ်မဝင်စားကြောင်းနှင့် စပါးအသင်းအတွက်သာအာရုံအပြည့်အဝစိုက်ထားကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် အင်္ဂါနေ့တွင် ရလဒ်များဆိုးရွားမှုကြောင့် အသင်းနည်းပြမော်ရင်ဟိုကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ပိုချက်တီနိုမှာ ဇီဒန်း၊ လောရင့်ဘလန့်တို့နှင့်အပြိုင် မန်ယူအသင်းနည်းပြရာထူးအတွက် ရေပန်းစားနေခြင်းဖြစ်သည်။

ယင်းသတင်းများနှင့်ပတ်သက်ပြီး အာဆင်နယ်အသင်းနှင့် လိဂ်ဖလားပွဲကြိုပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက မေးမြန်းခဲ့ရာ ပိုချက်တီနိုက မော်ရင်ဟိုအတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် စပါးအသင်းအတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပိုချက်တီနိုက ''မော်ရင်ဟို ကံကောင်းပါစေလို့ ကျွန်တော်ဆုတောင်းနေပါတယ်။ မော်ရင်ဟိုနဲ့ ကျွန်တော်ကောင်းကောင်းရင်းနှီးပါတယ်။ ဒီသတင်းက ဝမ်းနည်းစရာသတင်းဖြစ်ပြီး မော်ရင်ဟိုအတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ တခြားကလပ်အသင်းရဲ့ပြဿနာက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ စပါးအသင်းအတွက် အကောင်းဆုံးပေးဆပ်နိုင်ဖို့ပဲ ကျွန်တော်ရည်မှန်းထားပါတယ်'' ဟုပြောကြားခဲ့သည်။

မန်ယူအသင်းသည် မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ပြီးနောက် အမြဲတမ်းနည်းပြ ခန့်အပ်ဦးမည်မဟုတ်ဘဲ ရာသီကုန်အထိ ယာယီနည်းပြခန့်အပ်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

မန်ယူအသင်းသည် ပိုချက်တီနိုအား ၄င်းတို့အသင်း၏ နည်းပြအဖြစ်ခန့်အပ်ရန် ကာလရှည်ကြာပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။

မော်ရင်ဟိုထုတ်ပယ်ခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး မန်ယူအသင်း၏ ၀ါရင့်နောက်ခံလူဟောင်း ဖာဒီနန်က မန်ယူအသင်းအတွက် မော်ရင်ဟို၏ စွမ်းဆောင်မှုများကို အသိအမှတ်ပြုသော်လည်း လက်ရှိအချိန်တွင် မန်ယူအသင်းအနေဖြင့် စိတ်ကူးသစ်ဖြင့် သွားရတော့မည်ဖြစ်သည့်အတွက် လမ်းခွဲခဲ့ခြင်းမှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။