မဟာပြိုင်ဘက် မန်ယူကို အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့တဲ့ လီဗာပူးလ်

မဟာပြိုင်ဘက် မန်ယူကို အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့တဲ့ လီဗာပူးလ်
Photos : AFP, Soccerway
Photos : AFP, Soccerway
Published 17 December 2018

ယာဂန်ကလော့ပ်အနေနဲ့ လီဗာပူးလ်နည်းပြဘဝမှာ မော်ရင်ဟိုကို ပထမဆုံးအနိုင်ရခဲ့တာဖြစ်ပြီး မော်ရင်ဟိုနဲ့တွေ့ဆုံမှုတွေမှာ (၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၂)ပွဲရှုံးနဲ့ အသာစီးရထားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက အိမ်ကွင်းအန်ဖီးလ်မှာ မန်ယူကို (၃-၁)ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ယာဂန်ကလော့ပ်အနေနဲ့ လီဗာပူးလ်နည်းပြဘဝမှာ မော်ရင်ဟိုကို ပထမဆုံးအနိုင်ရခဲ့တာဖြစ်ပြီး မော်ရင်ဟိုနဲ့တွေ့ဆုံမှုတွေမှာ (၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၂)ပွဲရှုံးနဲ့ အသာစီးရထားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ၄-၃-၃ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး မန်ယူအသင်းကတော့ နောက်တန်းမှာ Three Backs ကစားကာ အသင်းကစားကွက်က ၃-၄-၃ ပိုဆန်ခဲ့ပါတယ်။

လီဗာပူးလ်ကွင်းလယ်က ဖာဘင်ညို၊ ကီတာ၊ ၀ိုင်နယ်လ်ဒမ်းတို့ရဲ့လုပ်အားနှုန်းကို မန်ယူအသင်း ဘယ်လိုမှမယှဉ်နိုင်ခဲ့ပါဘူး။

အိမ်ကွင်းအန်ဖီးလ်မှာ လီဗာပူးလ်အသင်းက ခြေစွမ်းနဲ့ထိုက်တန်တဲ့ အနိုင်ရလဒ်ကို ဖန်တီးယူသွားခဲ့တာပါ။

မန်ယူအသင်းက Counter ကစားဖို့ ပြင်ဆင်ခဲ့ပေမယ့် ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်တို့ကစားတဲ့ တောင်ပံတွေက တိုက်စစ်ကိုပံ့ပိုးပေးနိုင်မှု မရှိသလောက်နည်းခဲ့သလို၊ လူကာကူမှာလည်း တိုက်စစ်မှာ လူပိုတစ်ဦးလို ဖြစ်ခဲ့ရတယ်။

(၂၄)မိနစ်မှာ ဖာဘင်ညိုရဲ့ Killer Pass ကနေ မာနေက အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

မာနေဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၁၆)ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု (၁၂)ဂိုး ( ၉ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး)အထိ ရှိလာခဲ့ပါတယ်။

မန်ယူအသင်းရဲ့ချေပဂိုးကိုတော့ ဂိုးသမား အယ်လစ်ဆန်အမှားကနေ လင်ဂတ်က (၃၃)မိနစ်မှာ သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာ ကီတာနေရာ ရှာကီရီကို လူစားသွင်းခဲ့တာက ပွဲရဲ့အလှည့်အပြောင်းဖြစ်ခဲ့ပြီး ရှာကီရီက (၇၃)မိနစ်နဲ့ (၈၀)မိနစ်တွေမှာ အဖိုးတန်အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အခုရာသီ ပွဲစဉ်(၁၇)အပြီးမှာပဲ (၂၉)ဂိုး ပေးထားရပြီး ပြီးခဲ့တဲ့တစ်ရာသီလုံးပေးဂိုးထက် (၁)ဂိုးပိုများသွားခဲ့ရပါတယ်။