အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီသည် ဘာစီလိုနာ တောင်ပံကစားသမား မယ်လ်ကွန်ကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်မျက်စိကျနေကြောင်းသိရသည်။
အာဆင်နယ်အသင်းသည် အသက် (၂၁) နှစ်အရွယ်ရှိ ဘရာဇီးလ်တောင်ပံကစားသမား မယ်လ်ကွန်အား ဘော်ဒိုးအသင်းတွင် ကစားစဉ်ကတည်းက ခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးကြောင်း ဗြိတိန်သတင်းစာ Daily Express ကဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် အသင်း၏ တိုက်စစ်ပိုင်းတွင် အင်္ဂလန်တိုက်စစ်မှူး ဝဲလ်ဘတ်ဒဏ်ရာရသွားခဲ့သည့်အတွက် ၄င်းနေရာ၌ အစားထိုးရန် တိုက်စစ်ကစားသမားတစ်ဦးအလိုရှိနေခြင်းဖြစ်သည်။
မယ်လ်ကွန်သည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကမှ ဘာစီလိုနာအသင်းသို့ ယူရို (၄၁) သန်းဖြင့်ပြောင်းရွှေ့ခဲ့သော်လည်း အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရဘဲ (၂၉၆) မိနစ်သာ ကစားခွင့်ရထားကြောင်း သိရသည်။
မယ်လ်ကွန်အားခေါ်ယူရန်ဘရာဇီးလ်ကွင်းလယ်လူ ပေါ်လင်ဟိုကစားနေသည့် တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအသင်းကလည်း အလိုရှိနေကြောင်းသိရသည်။
အာဆင်နယ်အသင်းသည် မယ်လ်ကွန်အပြင် ၄င်း၏ဘာစီလိုနာအသင်းဖော် ဒမ်ဘီလီကိုပါခေါ်ယူလိုနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။