ဗြိတိန်တော်ဝင်မင်းသား ဝီလျံနှင့် ဇနီးက ကွယ်လွန်သူဝီချိုင်းကို လေးစားကြောင်းပြသည့်အနေဖြင့် လက်စတာအသင်းသို့ လာရောက်လည်ပတ်မည်

ဗြိတိန်တော်ဝင်မင်းသား ဝီလျံနှင့် ဇနီးက ကွယ်လွန်သူဝီချိုင်းကို လေးစားကြောင်းပြသည့်အနေဖြင့် လက်စတာအသင်းသို့ လာရောက်လည်ပတ်မည်
Photo: Getty Images
Photo: Getty Images
Published 23 November 2018

 

ဗြိတိန်တော်ဝင်မင်းသား ဝီလျံနှင့် ဇနီး ကိတ်မစ်ဒယ်တန်တို့သည် ကွယ်လွန်သူလက်စတာအသင်းပိုင်ရှင် ဝီချိုင်းကို လေးစားကြောင်း ပြသသည့်အနေဖြင့် လက်စတာအသင်းသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အသက် (၃၆)နှစ်အရွယ်ရှိ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဗြိတိန်တော်ဝင်မင်းသား ဝီလျံသည် ပြီးခဲ့သည့်လက ရဟတ်ယဉ်ပျက်ကျမှုတွင် အသက်ဆုံးရှုံးခဲ့သည့် လက်စတာအသင်းပိုင်ရှင် ဝီချိုင်းနှင့် ပိုလိုကစားရင်း ရင်းနှီးခဲ့ကြသူများ ဖြစ်သည်။

ဝီလျံနှင့် ဇနီးဖြစ်သူတို့သည် နိုဝင်ဘာ (၂၈)ရက်တွင် လက်စတာအသင်းသို့ လာရောက်လည်ပတ်ဖြစ်ပြီး ဝီချိုင်းအတွက် အမှတ်တရပြုလုပ်ထားသည့်နေရာကို သွားရောက်ကာ လေးစားကြောင်း ပြသမည်ဖြစ်သလို၊ လက်စတာအသင်းကစားသမားများ၊ အသင်းအကြီးအကဲများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် လက်စတာအသင်း၏ အိမ်ကွင်း King Power သို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ထိုင်းသူဌေး ဝီချိုင်းထောက်ပံ့ခဲ့သည့် ဒေသခံပရိဟိတအဖွဲ့မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ကန်ဆင်တန်နန်းတော်၏ ထုတ်ပြန်ချက်တွင် "တော်ဝင်မင်းသားနှင့် ကြင်ယာတော်တို့သည် ဝီချိုင်းနှင့် ရင်းနှီးသူများဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သည့် မတော်တဆမှုအတွက် လက်စတာအသင်းနှင့် အသင်းပရိသတ်များကို ဝမ်းနည်းကြောင်းနှင့် ၎င်းတို့၏လုပ်ဆောင်ချက်များအတွက် အသိအမှတ်ပြုကြောင်း ပြသရန် လက်စတာအသင်းသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း" ပါရှိသည်။

လက်စတာအသင်း၏ ဒု-ဥက္ကဋ္ဌဖြစ်သည့် ဝီချိုင်း၏ သားဖြစ်သူ အီရာဝက်က "တော်ဝင်မင်းသားနဲ့ ဇနီးက ကျွန်တော်တို့ဆီ လာလည်မယ်ဆိုတာ ကျွန်တော်တို့ကို အကြီးအကျယ်ဂုဏ်ပြုလိုက်တာပါပဲ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent