နေမာနှင့် ပြဿနာမရှိကြောင်း ကာဗာနီ ရှင်းလင်း

နေမာနှင့် ပြဿနာမရှိကြောင်း ကာဗာနီ ရှင်းလင်း
Photo: Getty Images
Photo: Getty Images
Published 20 November 2018

 

PSG အသင်း၏ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီက အသင်းဖော်နေမာနှင့် ၄င်းတို့အကြား ပြဿနာမရှိကြောင်းနှင့် ၄င်းတို့မှာ ညီအစ်ကိုသူငယ်ချင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ (၁၇) ရက်နေ့က အာဆင်နယ်အသင်း၏ အိမ်ကွင်းအီမရိတ်စ်တွင် ကစားခဲ့သော ဘရာဇီးလ် (​၁-၀) ဥရုဂွေးတို့၏ ခြေစမ်းပွဲတွင် နေမာနှင့် ကာဗာနီတို့မှာ ပြဿနာဖြစ်ခဲ့ရာ မီဒီယာများက ၄င်းတို့ (၂) ဦး၏ ဆက်ဆံရေးမှာ ပိုမိုတင်းမာလာဖွယ်ရှိနေကြောင်း ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

ကာဗာနီက '' ကွင်းအတွင်းမှာ နေမာနဲ့ ကျွန်တော်တို့အကြား ဖြစ်ခဲ့တဲ့ ပြဿနာမျိုးက လူတိုင်းကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သူငယ်ချင်းတွေဆိုလည်းဟုတ်တယ်။ ညီအစ်ကိုဆိုလည်း ဟုတ်တယ်။ ပြီးတော့ အသင်းဖော်တွေဖြစ်ပါတယ်။ ပွဲကစားပြီဆိုရင်တော့ ကိုယ့်အသင်းအနိုင်ရဖို့အတွက်  လူတိုင်းကြိုးစားရတာပါပဲ။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ အမှန်တော့ ဒီလိုရှင်းပြနေစရာတောင်မလိုပါဘူး။ မီဒီယာတွေက မဟုတ်မှန်တဲ့သတင်းတွေကို ဖော်ပြခဲ့လို့သာ အခုလိုရှင်းပြနေရတာပါ'' ဟုပြောကြားခဲ့သည်။

ကာဗာနီက ယခုကဲ့သို့ ဖြေရှင်းခဲ့သော်လည်း နေမာနှင့် ၄င်းတို့အကြား မပြေလည်မှုများ ရှိနေဆဲဖြစ်ပြီး ယခုရာသီကစားခဲ့သည့်ပွဲစဉ်များတွင် တစ်ဦးနှင့်တစ်ဦး ဘောလုံးပေးပို့မှု လွန်စွာနည်းပါးခြင်းက သက်သေဖြစ်ကြောင်း ပြင်သစ်မီဒီယာများကဖော်ပြခဲ့ကြသည်။

နေမာသည် PSG အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၁၆)ပွဲတွင် (၁၃)ဂိုးအထိ သွင်းယူပေးထားပြီး၊ ကာဗာနီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲတွင် (၉)ဂိုး သွင်းယူပေးထားကြောင်း သိရသည်။

အသက် (၃၁)နှစ်အရွယ်ရှိ ကာဗာနီ၏ အနေအထားကို အေစီမီလန်အသင်းက စောင့်ကြည့်နေပြီး ခေါ်ယူရန် အလိုရှိနေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent