ခရိုအေးရှားကို အနိုင်ယူခဲ့သည့် အင်္ဂလန် နောက်ဆုံးအဆင့်သို့တက်ရောက်

ခရိုအေးရှားကို အနိုင်ယူခဲ့သည့် အင်္ဂလန် နောက်ဆုံးအဆင့်သို့တက်ရောက်
Published 18 November 2018

UEFA Nations League ပြိုင်ပွဲ League A - Group (4)၏နောက်ဆုံးပွဲစဉ်အဖြစ် အင်္ဂလန်နှင့် ခရိုအေးရှား အသင်းတို့ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းတွင် ကစားခဲ့ပြီး အင်္ဂလန်အသင်းက ခရိုအေးရှားအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ယူကာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခဲ့သည်။

အင်္ဂလန်အသင်းက ၄-၃-၃ ပုံစံဖြင့် ပွဲထွက်လာခဲ့ပြီး တိုက်စစ်တွင် ရပ်ရှ်ဖို့ဒ်၊ ဟာရီကိန်း၊ စတာလင်တို့ကို တင်ကစားခဲ့သည်။

ပထမပိုင်းတွင် အင်္ဂလန်အသင်းကစားပုံ အတော်ကောင်းမွန်ခဲ့ပြီး ဟာရီကိန်း၊ စတာလင်တို့ ဂိုးသွင်းခွင့်များကို အသုံးမချနိုင်ခြင်းကြောင့်သာ ဦးဆောင်ဂိုး မရခဲ့ခြင်းဖြစ်သည်။

ပွဲချိန်(၅၇)မိနစ်တွင်မူ ဧည့်သည်ခရိုအေးရှားအသင်း အဖွင့်ဂိုးစတင်ရရှိသွားခဲ့သည်။

ညာတောင်ပံက ဗလာဆစ်ပေးပို့မှုကနေ ဂိုးဧရိယာထဲမှာရှိသည့် ခရမ်မာရစ် စိတ်ကြိုက်ခြေယောင်ပြပြီး ကန်သွင်းမှုက အင်္ဂလန်ကွင်းလယ်လူ ဒိုင်ယာနှင့်ထိပြီး ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။

ဂိုးပေးလိုက်ရပြီးနောက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဘာကလေ၊ ရပ်ရှ်ဖို့ဒ်၊ ဒဲ့လ်ဖ်တို့၏နေရာတွင် အယ်လီ၊ ဆန်ချို၊ လင်ဂတ်တို့ကိုထည့်ပြီး အပြောင်းအလဲလုပ်ခဲ့သည်။

ယင်းအပြောင်းအလဲကပင် အင်္ဂလန်အသင်း၏ ရလဒ်ကို ပြောင်းသွားစေခဲ့ပြီး (၇၈)မိနစ်တွင် လင်ဂတ်က ချေပဂိုးနှင့် (၈၅)မိနစ်တွင် ဟာရီကိန်းတို့က အနိုင်ဂိုးများသွင်းပေးခဲ့သည်။

လင်ဂတ်အနေဖြင့် နိုင်ငံအသင်းအတွက် (၂)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ကာ စုစုပေါင်း (၄)ဂိုးအထိရှိလာခဲ့ပြီး သူ၏ပထမဆုံးပွဲ(၂၀)တွင်မူ (၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ဟာရီကိန်းမှာလည်း နိုင်ငံတကာပွဲ(၇)ပွဲဆက်တိုက်နှင့် (၇၄၇)မိနစ်ကြာ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

Group ပွဲစဉ်များပြီးဆုံးသွားခဲ့ရာ အင်္ဂလန်အသင်း (၄)ပွဲကစား၊ ရမှတ်(၇)မှတ်ဖြင့် စပိန်အသင်းကို (၁)မှတ်အသာရပြီး ပေါ်တူဂီနောက် နောက်ဆုံး(၄)သင်းပြိုင်ပွဲသို့ တက်ရောက်ခွင့်ရသည့် ဒုတိယမြောက်အသင်းဖြစ်လာခဲ့သည်။

Most Read

Most Recent