ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ်က UEFA Nations League နောက်ဆုံးပွဲစဉ်တွင် အင်္ဂလန်အသင်းကို အနိုင်ကစားမည်ဟု ပြောကြားခဲ့သည်။
UEFA Nations League ပြိုင်ပွဲ၏ League (A) Group-4 တွင် စပိန်အသင်းက (၄)ပွဲကစား (၆)မှတ်၊ အင်္ဂလန်နှင့် ခရိုအေးရှားအသင်းတို့က (၃)ပွဲကစား (၄)မှတ်စီ ရရှိထားပြီး အင်္ဂလန်နှင့် ခရိုအေးရှားပွဲစဉ်တွင် အနိုင်ရသည့်အသင်းက နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်သည်။
အင်္ဂလန်နှင့် ခရိုအေးရှားတို့၏ ပွဲစဉ်ကို နိုဝင်ဘာ (၁၈)ရက် မြန်မာစံတော်ချိန် ည (၈း၃၀)နာရီတွင် အင်္ဂလန်အသင်း၏ အိမ်ကွင်း ဝင်ဘလေ၌ ကစားမည် ဖြစ်သည်။
ပါရီဆစ်က "အင်္ဂလန်နဲ့ပွဲမှာ ကျွန်တော်တို့အသင်းရော၊ အင်္ဂလန်အသင်းပါ အနိုင်ရဖို့ ကစားကြမှာပါ။ တကယ်လို့ ဒီပွဲမှာ သရေကျခဲ့မယ်ဆိုရင် စပိန်အသင်းက နောက်တစ်ဆင့် တက်သွားပါလိမ့်မယ်။ အခုကစားမယ့်ပွဲစဉ်မှာ ဘယ်အသင်းနိုင်မယ်လို့ ခန့်မှန်းဖို့က တော်တော်ခက်ပါတယ်။ စပိန်နဲ့ပွဲစဉ်က ခြေစွမ်းအတိုင်း ကစားမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အင်္ဂလန်အသင်းကို အနိုင်ကစားနိုင်မှာပါ"ဟု ပြောကြားခဲ့သည်။
ခရိုအေးရှားအသင်းနည်းပြ ဒါလစ်ကမူ အင်္ဂလန်အသင်းနှင့်ပွဲစဉ်မှာ စပိန်အသင်းနှင့် ကစားပြီး (၂)ရက်အကြာတွင် ကစားရမည်ဖြစ်သဖြင့် ကစားသမားများ ပင်ပန်းနွမ်းနယ်မည်ကို စိုးရိ်မ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။