ဥရောပစူပါလိဂ် အစီအစဉ်ကို ဘိုင်ယန်မြူးနစ်နှင့် ဒေါ့မွန်အသင်း ငြင်းဆန်ပြီး တရားစွဲဆိုမည်ဟု တုံ့ပြန်

ဥရောပစူပါလိဂ် အစီအစဉ်ကို ဘိုင်ယန်မြူးနစ်နှင့် ဒေါ့မွန်အသင်း ငြင်းဆန်ပြီး တရားစွဲဆိုမည်ဟု တုံ့ပြန်
ဒေါ့မွန်အသင်း အမှုဆောင်ချုပ် ဝက်ဇ်ကီ (ဝဲ) နှင့် ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂီ (Photo: Getty Image)
ဒေါ့မွန်အသင်း အမှုဆောင်ချုပ် ဝက်ဇ်ကီ (ဝဲ) နှင့် ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂီ (Photo: Getty Image)
Published 5 November 2018

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် နှင့် ဒေါ့မွန်အသင်းသည် ဥရောပစူပါလိဂ် ပြိုင်ပွဲကျင်းပရန် ထိပ်တန်းကလပ်များ လျှို့ဝှက်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Der Spiegel မဂ္ဂဇင်း၏ဖော်ပြမှုကို ငြင်းဆန်ပယ်ချပြီး တရားစွဲဆိုတုံ့ပြန်မည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂီက အတည်ပြု ပြောကြားသည်။

ဂျာမနီအခြေစိုက် Der Spiegel မဂ္ဂဇင်း က ဥရောပ စုံစမ်းဖော်ထုတ်မှုဆိုင်ရာပူးပေါင်း အဖွဲ့ (EIC) မှ ဂျာနယ်လစ် ၈၀ ၏ ရှစ်လကြာ အချိန်ယူ စုံစမ်းဖော်ထုတ်မှုကို နိုဝင်ဘာ ၂ ရက် က ပြန်လည်ဖော်ပြရာတွင် ဥရောပထိပ်တန်းကလပ်များသည် ဥရောပစူပါလိဂ်ပြိုင်ပွဲ သီးသန့်ကျင်းပရန် လျှို့ဝှက်ဆွေးနွေးမှုပြုလုပ်ခဲ့ ကြောင်း ရေးသားဖော်ပြခဲ့သည်။ Der Spiegel ၏ ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်၊ အေစီမီလန်၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ မန်ယူ စသည့် ထိပ်သီးခုနစ်သင်းသည် ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပရန် လျှို့ဝှက်ဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏ သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်နှင့် လိဂ် ပြိုင်ပွဲများမှ နုတ်ထွက်မည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။ ၎င်းတို့ခုနစ်သင်း အပြင် ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီးနှင့် PSG အသင်း စုစုပေါင်း ၁၁ သင်းအား ပြိုင်ပွဲ တည်ထောင်သူ “Founders” အဖြစ် သတ်မှတ်၍ ဧည့်သည်ကလပ် ငါးသင်းကို ထပ်မံဖိတ်ကြားကာ ၁၆ သင်းပြိုင်ပွဲအား ၂၀၂၁ ခုနှစ်တွင် စတင်ကျင်းပရန် စီစဉ်ထားသည်။ Founder အသင်းများမှာ တန်းဆင်းရန်မလိုအပ်ဘဲ ကနဦး ဖိတ်ကြားရန် စီစဉ်ထားသည့် ငါးသင်းမှာ အက်သလက်တီကို၊ ဒေါ့မွန်၊ အင်တာမီလန်၊ မာဆေးလ်နှင့် ရိုးမားအသင်းတို့ ဖြစ်ကြောင်း သိရသည်။

Der Spiegel ၏ ဖော်ပြမှုနှင့်ပတ်သက် ၍ Sky Sports သတင်းဌာနနှင့်တွေ့ဆုံစဉ် ရူမင်နစ်ဂီက “ဒီသတင်းကြောင့် စိတ်ရှုပ်သွားပါတယ်။ စူပါလိဂ်ပြိုင်ပွဲကျင်းပဖို့ ဥရောပ ကလပ် ဘယ်အသင်းကမျှ မကြိုးပမ်းကြပါဘူး။ ကျွန်တော်တို့အသင်းက ဘွန်ဒစ်လီဂါ နဲ့ ဥရောပပြိုင်ပွဲတွေရဲ့အဖွဲ့ဝင်အဖြစ် ဆက်ရှိ နေဦးမှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့်ရက်ပိုင်းမှာ အသင်းရဲ့ရှေ့နေတွေနဲ့တိုင်ပင်သွားမှာပါ။ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ အဲဒီဆောင်းပါးတစ်ခုလုံးက လူပြိန်းကြိုက်ပုံစံ ရေးထားတယ်ဆိုတာပါပဲ။ အမှန်တရားက တစ်ဝက်၊ မမှန်တာကတစ်ဝက်ရော ထွေးနေတယ်။ အချက်အလက်တွေကလည်း ကိုက်ညီမှုမရှိပါဘူး”  ဟု ပြောကြားသည်။ ထို့ပြင် ဒေါ့မွန်အသင်းအမှုဆောင်ချုပ် ဝက်ဇ်ကီက “ဒေါ့မွန်က ဘွန်ဒစ်လီဂါကနေထွက်ပြီး ဒီကမ္ဘာရှိတဲ့ ဘယ်ပြိုင်ပွဲကိုမှ သွားမပြိုင်ဘူးဆိုတာ ကျွန်တော်အာမခံပါတယ်။ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာလိုအသင်းတွေက ဒီ အစီအစဉ်မှာ ပိုပြီးပါနိုင်တယ်” ဟု ဆိုသည်။

Most Read

Most Recent