(၁)
ကျွန်တော့်အတွက် လွယ်အိတ်ထဲမှာ ဓားတစ်ချောင်း ပါလာတယ်ဆိုတာ သိပ်အထူးအဆန်းကြီးမှ မဟုတ်တာ။အဲဒီလိုပြောလို့ အမြဲတမ်း တာဝန်ကြီးတစ်ခုလို သတိထား လုပ်ယူနေရတဲ့ ကိစ္စလားဆိုတော့လည်း မဟုတ်ဘူး။ အကြောင်းပြချက် မည်မည်ရရ မရှိတာရယ်မဟုတ်ဘဲ ထည့်ထားတာမျိုးလည်း မဟုတ်ပြန်ဘူး။ ဒါပေမဲ့ ကျွန်တော့်လွယ်အိတ်ထဲမှာ ဓားတစ်ချောင်းရှိနေခဲ့တာတော့ အမှန်ပဲ။ အတိအကျပြောရရင် လွယ်အိတ်ရဲ့ အတွင်းဇစ်ဆွဲအိတ်ထဲမှာတောင် မဟုတ်ဘူး။ အပြင်ဘက်မှာ အလွယ်တကူ နှိုက်ယူလို့ရအောင် ဒီအတိုင်းကိုထည့်ထားတာ။ အဲဒီလို ကျွန်တော်ကိုယ်နှိုက်က အလွယ်ထားထားပေမယ့် ဘယ်နေရာမှ စစ်လို့မမိ သေးတာ အံ့သြဖို့တော့ကောင်းတယ်။ တချို့တွေ ရှိတတ်တယ်။ လူထူရင် ထုတ်ကြွားရုံ အလှဆောင် ထားဖို့လောက်နဲ့ တစ်နေရာရာမှာဝှက်ပြီး ထည့်ယူလေ့ရှိတာမျိုးပေါ့။ ကျွန်တော်ကျတော့ အဲဒီလိုမျိုး အလေးခံသယ်နေတာမှ မဟုတ်ပဲ။ ရုတ်တရက် အသုံးပြုဖြစ်လိမ့်မယ်ဆိုတာကို ကြိုပြီးတော့ကို သိနေသလို ခံစားရတာ။ အဲဒါကြောင့်လည်း တိတိကျကျ ဘယ်နေရာမှာ ထည့်ထားပါတယ်လို့ ပြောနေရတာပေါ့။ အပြင်ထွက်တိုင်း အဲဒီဓားကို ကျွန်တော့် လွယ်အိတ်ထဲ မမေ့မလျော့ထည့်ထည့်ယူလာတယ်။ ဓားက ခလုတ်နှိပ်ဖွင့်လို့ရတဲ့ မောင်းချဓား။ နှစ်ထပ်စတီးလက်ကိုင်နဲ့ တော်တော်လေးကိုအထာကျတယ်လို့ ပြောလို့ ရလိမ့်မယ်ထင်တယ်။ ကျောင်းမှာဆို ခပ်ဆိုးဆိုး အပေအတေ သောက်လူမိုက်လေးတွေ သိပ်ကြိုက်တဲ့ပုံစံမျိုးပေါ့။
ကိုးဆယ်ကျော်၊ နှစ်ထောင်ခုနှစ် ပတ်ဝန်းကျင်လောက်က ဗိုလ်ချုပ်လမ်းပေါ် အခုသွင်ရုံရှိတဲ့ နေရာအောက်မှာ စတီးဓား ခပ်မိုက်မိုက်တွေ စကေဘာတွေ ချိန်းကြိုးတွေချည်း သီးသန့်ရောင်းပြီး ဂေါ်လီကျတဲ့ ဆိုင်လေး တစ်ဆိုင်ရှိခဲ့ဖူးတယ်။ အခုတော့ မရှိတော့ပါဘူး။ အဲဒီအချိန်တွေလောက်က အဲဒီနားကို ခဏခဏ ဖြတ်သွားဖူးတဲ့သူတွေ သိလိမ့်မယ်ထင်တယ်။ ဆိုင်ကလေးက မှန်ရှိုးကေ့ တစ်လုံးတည်းနဲ့ နေရာခပ်ကျဉ်းကျဉ်းလေးမှာ ဖွင့်ထားတဲ့ဆိုင်လေး။ ဓားတွေ၊ စကေဘာတွေကို ကတ္တီပါပိတ်စအနီရောင်ပေါ်တင် ထားတတ်တာ မှတ်မိနေသေးတယ်။ အဲဒီတုန်းကဆို ဆိုင်ရှေ့ကို ဖြတ်တိုင်းကို ကျွန်တော် အမြဲသွားငေးကြည့်နေကျပေါ့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဓားတွေ ဘာတွေ ဝယ်ဆောင်ထားနိုင်လောက်အောင် ပိုက်ဆံက မရှိသေးဘူးလေ။ သိပ်လိုချင်တဲ့ ပစ္စည်းတစ်ခုကို ခဏခဏ လာငေးနေတတ်တဲ့ ဘာမှ အသုံးမကျတဲ့ ကျွန်တော်တို့ရဲ့လူငယ်ဘဝပဲဆိုပါတော့။ အဲဒီတုန်းက ဓားတစ်ချောင်းလောက်တောင် မဝယ်နိုင်ဘူးဆိုတာလည်း တကယ်ပဲ။တစ်နေ့စာသုံးဖို့အပြင် လက်ထဲမှာ အပိုငွေကို မရှိခဲ့တာ။ မွဲချက်ကလည်း ဓားဝယ်ဖို့မပြောနဲ့ တစ်ခါတလေ ထမင်းစားဖို့တောင်မှ ပိုက်ဆံက အချိန်ပြည့်ရှိတာမဟုတ်ဘူး။အဲဒါကလည်း ဘာမှ မထူးဆန်းဘူး။ လူငယ်မှန်ရင် အိမ်ကို ဆန့်ကျင်ရမယ်၊ အရာရာကို ဆန့်ကျင် တော်လှန်နေရမယ်ဆိုတဲ့ ထမင်းငတ်တတ်တဲ့ စကားကြီးကို တကယ်ယုံခဲ့လို့ ဖြစ်ခဲ့တာတွေချည်းပဲ။ အဲဒီသောက်သုံးမကျတဲ့စကားမျိုးတွေကို အကြိုက်ကြီး ကြိုက်ခဲ့လို့လည်း အခုအထိ သက်သောင့်သက်သာနဲ့ ဘာတစ်ခုမှ မရခဲ့ဖူးဘူး မဟုတ်လား။ မရခဲ့ဖူးဘူးဆိုတာ ထားလိုက်ဦး။ အခုထိလည်း ဘာကောင်မှမဖြစ်ခဲ့ဘူး။
(၂)
ဓားတစ်ချောင်း ဆောင်ထားဖို့လောက်အထိ ကျွန်တော်တို့ နေ့ရက်တွေမှာ မလိုအပ်သေးပါဘူးလို့လည်း ခပ်ဖော့ဖော့ မထင်နဲ့ဦးလေ။ ဟိုးအရင်ကတည်းကအစိုင်အခဲလို လှိုက်စားနေခဲ့တဲ့ ဆုတ်ခေတ်ဟောင်းရဲ့အရှိန်တွေက အခုထိ ကုန်သေးတာမှ မဟုတ်တာ။အမြစ်တွယ်နေတဲ့ ပျက်သုဉ်းခြင်းတွေက အခု ပိုတောင်ဆိုးလာသေးတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆို ကျွန်တော်တို့ ခပ်ငယ်ငယ် လူငယ်ဘဝဆိုတာ မိုက်ရူးရဲဖို့ အရမ်းလွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ လေလွင့်ချင် စရာတွေကလည်း ဒုနဲ့ဒေး ဆိုတော့လေ။ အဲဒီအချိန်တွေကို ဖြတ်သန်းဖူးမှ အခု ကျွန်တော် ဘာပြောချင်တယ်ဆိုတာ သိတော့မှာ။ ဒါပေမဲ့ ကျွန်တော် ဘာပြောတော့မယ်ဆိုတာ သိတယ်ဆိုတဲ့ စိတ်နဲ့လည်း ဆက်မဖတ်လေနဲ့ပေါ့။ ဓားဆောင်ထားရလောက်အောင် မလုံခြုံတော့တဲ့ ဘဝနေ့ရက်တွေ ဘာညာ ကျွန်တော်က အရေးလုပ်ပြောနေမှာ မဟုတ်ဘူး။ အဲဒါတွေက အားလုံး သိပြီးသား။ အခု လက်ရှိအဖြစ်အပျက်တွေကို ရေးနေကျပုံစံအဟောင်းတွေ။ ရိုးဟိုးဟိုးနေပြီ။ မလုံခြုံတဲ့နေ့တွေ ဘာတွေဆိုတာ ပြောရလွန်းလို့ ဖန်တစ်ရာတေ ညစ်ထေးနေပြီ။ ဒီနေ့ထိလည်း ဘာမှ မထူး၊ ဒုံရင်းက ဒုံရင်းအတိုင်းပဲဆိုတော့ စက္ကူကုန် မင်ကုန်တာပဲ ရှိမယ်။ အဲဒါမျိုးတွေ ရေးရေးပြီး လူတွေကို ညာဝါးဖြီးဖြန်းနေတာလို့တောင် ထင်မိသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြောရမှာ ပျင်းနေပြီ။ ထားပါ။ ဒီ လေသံတွေချည်းပဲ ထင်မစိုးလို့ ကြိုပြောထား ရတာ။ နောက်ပြီး ကျွန်တော့်လွယ်အိတ်ထဲ ပါလာတဲ့ ဓားက ခဲတံချွန်တဲ့ ဓားလည်း မဟုတ်ဘူး။ မုတ်ဆိတ်ရိတ်တဲ့ ဘလိတ်ဓားလည်း မဟုတ်ဘူး။ မောင်းချဓား စစ်စစ်ကြီး။ စတီးရောင်ပြောင်လက်နေတဲ့ သောက်ရမ်းအထာကျတဲ့ခလုတ်နဲ့ နှိပ်ဖွင့်လို့ရတဲ့ဓား။ အခုကို လွယ်အိတ်ထဲမှာ ရှိနေတုန်း။
ဓားကိုင်ချင်တာကတော့ ကျွန်တော် ခပ်ငယ်ငယ်ကတည်းက အခုအချိန်တွေ အထိပဲ ဆိုပါစို့။ အဲဒါ ဘယ်လိုစိတ်မျိုးလဲ တော့ မသိဘူး။ ခပ်မိုက်မိုက်ဓားတွေ တွေ့ရင် ဝယ်ကိုသိမ်းထားချင်နေတော့တာ။ ကိုယ့် စိတ်ကို ရဲဆေးတင်ပေးနေသလိုလို မိုက်ဂုဏ်ပြလို့ရတဲ့ အဆောင်တစ်ခုလိုဖြစ်နေလို့လား တော့မသိဘူး။ ကျွန်တော် ဓားတွေကို သိပ်ကြိုက်တယ်။ နယ်ဘက်တွေ ရောက်လို့ ငှက်ကြီးတောင်ဓားလို ဓားရှည်တွေ တွေ့လည်း ဝယ်ဖြစ်တာပဲ။ ဂျပန်ကင်ဒိုဓားလည်း တကူး တက မှာဝယ်ခဲ့ဖူးတာပဲ။ ဒါပေမဲ့ အဲဒါမျိုးတွေ က အိမ်မှာ ဝယ်သိမ်းထားဖို့လောက်ပဲ အသုံးကျတာ။ တကယ်တမ်းကျတော့ လက်တွေ့မှာ သိပ်အသုံးဝင်လှတယ်လည်း မဟုတ်ပါဘူး။အခု ကျွန်တော့်လွယ်အိတ်ထဲမှာ ပါလာတဲ့ မောင်းချဓားမျိုးကမှ တကယ်အသုံးတည့် တာ။ ဝန်လည်းကျဉ်းတယ်။ အလွယ်တကူ ထုတ်သုံးလို့လည်း ရတယ်။ အသွားတွေ အရိုး တွေကလည်း စိတ်ချရသလားမမေးနဲ့။ ဖြောင်းခနဲ ဖြောင်းခနဲကို ဖွင့်လို့ရတာလေ။ ပြောရရင် ကျွန်တော်အကြိုက်ဆုံး ဓားအမျိုးအစားလို့တောင် ဆိုနိုင်ပါတယ်။
(၃)
ကျွန်တော် ပြောဖူးသေးတယ် မဟုတ်လား။ သေလောက်အောင် နာကျင်ခံစားရ ပါများလာရင် တခြားလူတော့ မသိဘူး။ ကျွန်တော်ကတော့ မနိုင်နိုင်ရာနဲ့ ဖိတွယ်တော့မှာလို့။ သေသေချာချာ အကွက်ချ လုပ်တာမျိုး မဟုတ်ဘဲ စိတ်ထဲမှာ ဒီလိုလုပ်လိုက်မယ် ဆိုပြီး မစဉ်းစားထားဘဲ ထစ်ခနဲ ထလုပ်မိခဲ့တာမျိုးတွေလေ။ ကျွန်တော် တကယ်လုပ်ခဲ့တာ။ ဒါပေမဲ့ ပြောမယ့်သာ ပြောရတာ၊ အဲဒီနေ့ရက်တွေ အကြောင်းကိုတော့ပြန်အစမဖော်မပြောတာပဲ ကောင်းလိမ့်မယ်ထင်တယ်။ ဖြစ်နိုင်ရင် ကိုယ့်သက်တမ်းထဲက နုတ်ယူလွှင့်ပစ်လိုက်ချင်တဲ့ နေ့ရက်တွေပါ။ ဒါပေမဲ့လည်း ရိပ်ဖမ်းသံဖမ်းတော့ ဇာတ်ရည်လည်အောင် ထည့်ပြောရဦးမှာပေါ့။ အားအားရှိ မြင်မြင်ရာ ကြောက်နေရတဲ့ ငယ်ဘဝနေ့ရက်တွေက အခုအချိန်အထိကို မကုန်နိုင်သေးဘူး ဆိုတော့လေ။ ငယ်ငယ်က ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ ကုပ်ချောင်းချောင်းနေခဲ့ရတဲ့ ကလေးဘဝတုန်းကလိုပဲ။ ကျွန်တော် ငယ်ငယ်တုန်းက လူကောင်နည်းနည်းညှပ်တယ်။ အတန်းထဲမှာဆို ဗလတောင့်တဲ့ကောင်တွေ အနိုင်ကျင့်တာ အမြဲခံခဲ့ရတာပေါ့။ နေ့တိုင်းနေ့တိုင်း ထိပ်ပုတ်ခေါင်းပုတ် လာလာလုပ်နေတဲ့အခါ ရက်ကြာလာတော့ မခံစားနိုင်တော့ဘူး။ လူကြီးတွေ တိုင်ရင်လည်း ခဏပဲ သက်သာလိုက်တယ်။ ပြီးရင် ကိုယ့်ကို လာဗျင်းနေပြန်တာ။ နောက်ဆုံး အဲဒီလိုကောင်တွေကို နီးရာနဲ့ ကောက်လုပ်ပစ်လိုက်တဲ့အကျင့် ကျွန်တော်ရသွားတယ်။ တကယ့်ကို နီးရာနဲ့ကို ဆော်တော့တာ။ ဒေါက်စူးတို့ အုတ်ခဲတို့နဲ့လည်း အလစ်ဖမ်းပြီးတွယ်ခဲ့ဖူးတာပဲ။ ပြောရရင် အဲဒီလိုဆော်လိုက်တော့ ဒီကောင်တွေက နည်းနည်းလန့်လာတယ်ဗျ။ အဲဒီကတည်းက အကန်စိတ်နဲ့ချည်း အရာရာလိုက်တွေးနေမိသလား မပြောတတ်ဘူး။ စာတော်ပြီး လူလိမ်မာဖြစ်ဖို့လောက်ကလွဲရင် ကျန်တာ အရေးမကြီးဘူးလို့ ထင်ရတဲ့ အဲဒီဘဝကြီးကို အခုအချိန် ဘယ်လိုမှ ပြန်မတွေးချင်တော့ဘူး။
ဓားတွေကို သဘောကျတာ၊ ရူးသွပ်ခဲ့တာ အဲဒီအစွဲတွေလည်း ပါခဲ့တာဖြစ်ပါလိမ့်မယ်။ တော်ရုံတန်ရုံကောင်တွေဆို ကျွန်တော့် လက်ထဲမှာ တစ်ခုခုရှိနေရင် လန့်တတ်ကြတာ ငယ်ငယ်လေးကတည်းက သိသွားတယ်။ ဓားပါတဲ့သူဆို မိုက်ဂုဏ်ပြနေစရာမလိုအောင်ကို အလိုလိုရှိန်နေတတ်တာ ကျွန်တော်က သိနေပြီ။ ကိုယ်တွေလည်း အဲဒီအတိုင်းပဲ။ လက်ထဲမှာ ဓားရှိနေလို့ကတော့ ဘယ်ကောင်မှ ကိုယ့်ကိုလာမလုပ်ရဲဘူးလို့ကို တကယ်ယုံကြည်သွားတော့တာပေါ့။ အဲဒီစိတ်က လူသတ်လက်နက်တွေရှိနေရင် ဘယ်ကောင်မှ လူမထင်တော့ဘူးဆိုတဲ့စိတ်နဲ့ တူမလားမသိဘူး။ လက်နက်အားကိုးတဲ့ လူမိုက်ဉာဉ်ပဲ ဆိုပါတော့။
(၄)
အခုဆို ကျွန်တော့်စိတ်က မရတော့ဘူး။ကျွန်တော်သဘောမကျတဲ့ကောင်တွေဆို ဓားနဲ့ပဲ ထိုးထည့်လိုက်ချင်တော့တယ်။ ဟုတ်တယ်လေ။ တခြားစကားတွေ အရည်မရ လှည့်ပတ်ပြောနေရတာ ဘယ်လောက်ပျင်းစရာ ကောင်းလိုက်သလဲ။ တချို့ကိစ္စတွေကို လက်နဲ့ပဲ ရှင်းလိုက်တာ ကျွန်တော့်အတွက် ပိုအဆင်ပြေတတ်ပြန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အသားလွတ်ပတ်ရမ်းနေတာလား ဘယ်သူမှ ဘာမှ မလုပ်ရဘဲ ကိုယ့်ဆီက တစ်စုံတစ်ခုပဲ ပဲ့ပါသွားမှာကို တွေးလန့်နေတာလား ဆိုတာတော့ မသဲကွဲဘူး။ ကိုယ်နဲ့ တစ်ရွယ်တည်း တစ်ခေတ်တည်းကြီးလာပြီး ကိုယ့်ထက်သာသွားတဲ့ကောင်တွေရှိတယ်။ အခုထိလည်း ဘယ်လိုမှ လိုက်လို့မမီနိုင်တော့ဘူး ထင်ရလောက်တဲ့အထိ ကြီးပွားနေတဲ့ ကောင်တွေ။ အပံ့အပိုးကောင်းလို့ ပိုက်ဆံလေးနည်းနည်းရှိလာတော့ မာန်တက်ချင်တဲ့ ကောင်စားမျိုးတွေပေါ့။ ကိုယ့်အစွမ်းအစနဲ့ ကိုယ်သာ ဘာမှ အသုံးမကျရင်နေမယ်။ ကပ်ဖားရပ်ဖားနဲ့ နေရာရနေတဲ့ ငနဲတွေဆိုတာ နေရာတိုင်းမှာ ရှိတာပါပဲ။ စီးပွားရေး လောကမှာချည်း ကလိန်ကကျစ်တွေရှိတယ် မထင်နဲ့။အနုပညာ အနုပညာနဲ့ အမြှုပ်ထွက်အောင် အော်တတ်တဲ့ နေရာမျိုးမှာတောင် သောက်ကျင့်မကောင်းတဲ့ကောင်တွေက အများကြီးပဲ။ လက်ထဲမှာ တစ်ခုခုရှိလို့ကတော့ မာန်တက်ပြီး ဖိနင်းမယ့်ကောင်စားတွေ။ အဲဒီလိုမျိုးကောင်တွေကို ကျွန်တော်က ဓားနဲ့ကို ထိုးချင်တာ။ ကျွန်တော့်လွယ်အိတ်ထဲ ဓားဆောင်ထားတယ်ဆိုတာလည်း အလကားမဟုတ်ဘူး။ အချိန်မရွေး မျက်နှာချင်းဆိုင်တွေ့တာနဲ့ ထလုပ်လို့ရအောင်လို့။ တစ်ခုခုဖြစ်တာနဲ့ ကိုယ်နဲ့ အပေါက်အလမ်းမတည့်တဲ့ကောင် မှန်သမျှ လွယ်အိတ်ထဲကဓားနဲ့ကို ထထိုးဦးမှာ။ ကြည့်နေ။ ဘယ်အချိန်ကျရင် ဘယ်လို ကောင်စားတွေ ကျွန်တော့်မျက်စိရှေ့ ပေါက်ကရ လာလုပ်ဦးမလဲ မသိဘူး။ မလုပ်ချင်လို့ကို ကြည့်နေတာကို အကောင်းမှတ်နေ။