တရုတ်နိုင်ငံ ရှန်ဟိုင်း (Shanghai) က ပူဒေါင်(Pudong) ဆိုတဲ့ဒေသဟာ ၁၉၉၀ ပြည့်နှစ်မှာ မြစ်ကမ်းနံဘေးက ရွာလေးတစ် ရွာသာသာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ၂၅ နှစ် သားသာသာရှိလာတဲ့ Pudong ဟာ လက်ရှိ အချိန်မှာတော့ ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံ၊ ရှန်ဟိုင်းရဲ့ လူသိအများဆုံး အဆောက်အအုံတွေနဲ့ ကုန်သွယ်ရေး အချက်အခြာဒေသဖြစ်လို့နေပါတယ်။
၁၉၈၀ ပြည့်နှစ်လောက်တုန်းကတော့ ရှန်ဟိုင်းမှာ တုံးချန်းလို့ခေါ်တဲ့ တိုက်က အမြင့်ဆုံး တိုက်ဖြစ်ပြီး မီတာ၂၀ ပဲရှိတယ်လို့ သိရပါတယ်။ ခုချိန်မှာတော့ အမြင့်ဆုံးတိုက် က ၆၃၂ မီတာနဲ့ ၁၁၉ ထပ်ရှိတဲ့ ကမ္ဘာ့ဒုတိယ အမြင့်ဆုံး ရှန်ဟိုင်း တာဝါရှိနေပြီလို့ Exhibition of the opening – up of Pudong မှာ ပြသထားတဲ့ အချက်အလက်များကို ကိုးကားပြီး တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။
ရှန်ဟိုင်းဟာ (Vertical City) လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီမြို့ကို ဒေါင်လိုက်ချဲ့တွင်ထားတဲ့အတွက် ဖြစ်ပါတယ်။ ရှန်ဟိုင်းကိုရောက်တော့ ရန်ကုန် မြို့ကြီးဟာ ဘယ်တော့များမှ ရှန်ဟိုင်းလို ဖြစ်လာမလဲလို့ စိတ်ထဲမှာ တွေးကြည့်မိတယ်။ ရှန်ဟိုင်းလို ဒေါင်လိုက်ချဲ့ထွင်ထားတဲ့ မြို့ဖြစ်ဖို့ဆိုတာက လျှပ်စစ်ဓာတ်လိုတယ်၊ အထပ်မြင့်အဆောက်အအုံတွေကို တက်ဖို့ ဆိုရင် ဓာတ်လှေကားပါမှ ဖြစ်မယ်။ မြန်မာနိုင်ငံမှာလည်း ခြောက်ထပ်အထက်ဆိုရင် ဓာတ်လှေကားတပ်ရပါတယ်။ ဒါကအနှိမ့်ဆုံးအဆင့် လိုက်နာရမယ့် စံချိန်စံညွှန်းပါ။
ရှန်ဟိုင်းမြို့ကိုရောက်တဲ့အခါ ရန်ကုန်မြို့ကို သတိရမိပြန်ပါတယ်။ ဘယ်လိုတွေလုပ်မှ ရန်ကုန်ဟာ ရှန်ဟိုင်းလို မြို့တော်ကြီး ဖြစ်လာမလဲလို့ပေါ့။ အမှန်အတိုင်း ပြောရရင် ရန်ကုန်မြို့ဟာ ၂၀၃၀ လောက်မှာ မီဂါစီးတီး ဖြစ်လာမယ်လို့ မျှော်မှန်းထားတဲ့ မြို့ပါ။ အဲဒီလို ဖြစ်ဖို့ဆိုရင် မြို့ဟာ စနစ်တကျ ဖွံ့ဖြိုးဖို့လို ပါတယ်။
ဒါနဲ့ပဲ မြို့ပြနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို မေးကြည့်မိပြန်တယ်။ ရှန်ဟိုင်းဘာကြောင့် အခုလိုအရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးသွားရတာလဲ။ စီးပွားရေးကောင်းလို့ ဒီမြို့ကြီး အခုလို ဖွံ့ဖြိုးလာတာလား။ ဖွံ့ဖြိုးမှုကြောင့် စီးပွားရေးကောင်းလာတာလား။ စီးပွားရေးကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ်ရင် စီမံခန့်ခွဲမှုတွေ၊ မူဝါဒတွေကကော ဘယ်လောက် အရေးပါလဲစသည်စသည်ဖြင့်ပေါ့။
“အိမ်ရာဆိုတာ စီးပွားရေး မဟုတ်ဘူး၊ သူက Non productive ဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုနဲ့လည်း ဘာမှမဆိုင်ဘူး။ တိုင်းပြည်ရဲ့ စီးပွားရေးကောင်းဖို့ဆိုတာ ထုတ်လုပ်မှုအားကောင်းဖို့ အဓိကပါ။ အိမ် ဆိုတာကပြောရရင် (Social Benefit) သက်သက်ပဲ။ စီးပွားရေးကောင်းမှ အိမ်ဖြစ်မှာ။ သူတို့နိုင်ငံမှာ အိမ်တွေ၊ အထပ်မြင့် အဆောက်အအုံတွေ၊ တစ်နည်းအားဖြင့် စီးပွားဖြစ် အဆောက်အအုံ (commercial housing) တွေ၊ ဇိမ်ခံအဆောက်အအုံတွေ (Luxury housing) တွေဆိုတာကက စီးပွားရေးကောင်းလို့ လုပ်ဖြစ်တာ၊ အဲဒီတော့ စီးပွားရေး တိုးတက်အောင်လုပ်ဖို့လို လာတယ်။ စီးပွားရေးကောင်းရင် (social benefit) တွေဆိုတာက နောက်မှာ တွဲပါလာတဲ့ အရာတွေ၊ ပြောချင်တာက စီးပွားရေးကောင်းလို့ မြို့ဖြစ်သွားတာ၊ မြို့ဖြစ်လို့ စီးပွား ရေးကောင်းတာ မဟုတ်ပါဘူး” ဟု မြို့ပြစီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
■ ရှန်ဟိုင်း ဘာကြောင့် တိုးတက်လာခဲ့သလဲ
မြို့ကြီးကို ဒေါင်လိုက်တည်နိုင်တယ်၊ ချဲ့ထွင်နိုင်တယ်ဆိုတာ စီးပွားရေးကောင်းလို့ ဆိုတဲ့ အချက်အပေါ်မှာ ဆင့်ပွားတွေးဖို့ဖြစ်လာတာက စီးပွားရေးကောင်းသွားတဲ့ တရုတ်ရဲ့ မူဝါဒပါ။ အဲဒီအထဲက တစ်ခုက ပို့ကုန်ကို ဦးစားပေးခဲ့တဲ့ မဟာဗျူဟာလို့ ပြောရမှာပါ။ အခုအချိန်မှာ တရုတ်ပစ္စည်းတွေကို တစ်ကမ္ဘာလုံးကို ပို့နိုင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါ နည်းပညာတွေရသလို လူတွေရဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည် (Capacity) တက်လာတယ်။ အဲဒါတွေက စီးပွားရေးမြို့တော်တစ်ခုဖြစ် လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုလို့ဆို ရမှာပါ။
တရုတ်ပြည် Reform လုပ်တဲ့အချိန်မှာ ရှန်ဟိုင်းရဲ မြို့တော်ဝန်က ကျူရောင်ကျင်း ဖြစ်ပါတယ်။ သူဟာ မော်စီတုန်းပြီးတော့ ဒုတိယခေါင်းဆောင်ကြီးလို့ အချို့က ကင် ပွန်းတတ်ခံရတဲ့ သူပါ။ တိပ်ရှောင်ဖိန်ရဲ့ တပည့်ရင်းတစ်ယောက်လည်းဖြစ်သလို အင်ဂျင်နီယာတစ်ဦးလည်းဖြစ်ပါတယ်။
“စီးပွားရေးအရ တံခါးဖွင့်လိုက်တဲ့ အချိန်မှာ ရှန်ဟိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာလုပ်တဲ့သူတွေကို OSS လို့ ခေါ်တဲ့ One Stop Services ဖွင့်ပြီးဆောင်ရွက်ပေးခဲ့ပါတယ်။ ဥပမာ- စက်ရုံတစ်ခုလာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ယူရမယ့် အချက်အလက်တွေ စာရွက်စာတမ်းတွေ ရှိတယ်။ အဲဒါတွေကို ဝန်ကြီးဌာနတွေအားလုံးထိုင်ပြီး တစ်နေရာထဲမှာ ရအောင် လုပ်ပေးနိုင်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံချင်တဲ့ လူက လိုအပ်ချက်တွေကို တောင်းလိုက်ရုံပဲ။ ပြီးရင် သူတို့ဆီမှာလည်း ဒီက DICA က MIC တို့လိုပဲ ဌာနတွေရှိ တယ်။ ဆိုလိုတာက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုတင်ရတယ်။ တင်တဲ့အခါ သူတို့က စိစစ်တယ်။ စိစစ်လို့ အချက်အလက်ပြည့်စုံလို့ရှိရင် သူတို့က တစ်ရက်တည်းအပြီး နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုအတွက် Proposal ကို အတည်ပြု လက်မှတ်ထိုးပေးတယ်။ ပါမစ် ထုတ်ပေးတယ်” လို့ စီးပွားရေးဆောင်းပါးရှင် ဦးအောင်ချိန်ဘွားက ပြောပြပါတယ်။
တကယ်တော့ ရှန်ဟိုင်း ဒီလောက် တိုးတက်သွားတာဟာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်ပါပဲ။ တိုင်းပြည်တစ်ခု၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံမယ့် သူတွေ စိတ်ဝင်စားမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ခြင်းဟာ အကြောင်းရင်းတစ်ခုပါ။ ဒီနေရာကိုကြည့် ရင် မူဝါဒတွေ အရေးကြီးသလို တိုင်းပြည်တစ်ပြည်ဟာ လမ်းကြောင်းမှန်ဖို့ လိုအပ်တယ်ဆိုတာ တွေ့မြင်ရပါတယ်။ ငါတို့ တိုင်းပြည် နောက် ၁၀ နှစ်မှာ၊ အနှစ် ၂၀ မှာ ဘယ် လို တိုင်းပြည်မျိုး ဖြစ်အောင်လုပ်မလဲဆိုတာ ခေါင်းဆောင်ပိုင်းက အမြင် (vision) ပြတ်သားဖို့လိုပါတယ်။ ခေါင်းဆောင်ပိုင်းကိုယ်က ဖွံ့ဖြိုးရေး အိပ်မက်တွေ မက်နေဖို့ လိုပါတယ်။ အတွေးအခေါ် မြင့်မြင့်မားမားထားနိုင်ဖို့လည်းလိုအပ်ပါတယ်။
နောက်တစ်ခုက တိုင်းပြည်ပေါ်မှာထားတာ ခေါင်းဆောင်ပိုင်းတွေရဲ့သဘောထားနဲ့ စေတနာပါ။ တရုတ်ကိုကြည့်ရင် တရုတ်နိုင်ငံဟာ အာဏာရှင်နိုင်ငံဆိုပေမဲ့ ခေါင်းဆောင်ပိုင်းက အမြင်ပြတ်သလို စေတနာလည်းမှန်ခဲ့ပုံပါပဲ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ သွားမယ်ဆိုရင် ဘာတွေ လုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ပုံရပါတယ်။
စီးပွားရေးဆောင်းပါးရှင် ဦးအောင်ချိန်ဘွားကတော့ “ရှန်ဟိုင်းမှာ နယ်မြေတွေရှိတယ်။ ဥပမာ-အထည်ချုပ်စက်ရုံကြီးလာ ဆောက်တယ်ဆိုပါစို့။ လာဆောက်မယ့် ပစ္စည်းတွေ ကိရိယာတွေ ဘာတွေညာတွေက နိုင်ငံခြားက တင်သွင်းမှာကိုး။ တင်သွင်းမှာဆိုတော့ Import လိုင်စင်ပါ အပြီးထုတ်ပေး တယ်။ ထုတ်ပေးတဲ့အပြင် အဲဒီကိရိယာတွေ ထဲက ဥပမာ-စက်ရုံဆောက်တဲ့ အခါ ဘိလပ်မြေတို့ သံချောင်းတို့လိုတယ်ဆိုပါစို့။ လိုလို့ ရှိရင် နိုင်ငံခြားကမသွင်းဘဲ တရုတ် ပြည်က ဝယ်မလား၊ ဝယ်မယ်ဆိုရင် သူတို့ကစီစဉ်ပေးဦးမယ်။ နောက်ပြီး သူတို့တည်ဆောက်တဲ့အတွက် အလုပ်သမားလိုလား၊ လိုတယ်ဆိုရင် သူတို့က ရှာပေးတယ်။ အဲဒီလိုနဲ့လုပ်လာခဲ့တာ ရှန်ဟိုင်းမြို့မှာ ခုနကပြောတဲ့ အထည်ချုပ် စက်ရုံတစ်ရုံလာဆောက်ဖို့ဟာ လျှောက်လွှာတင်တဲ့နေ့ကစပြီး တော့ နှစ်လအတွင်းမှာ စက်ရုံဖွင့်ပွဲကျင်းပနိုင်တယ်တဲ့။ အဲဒါက ရှန်ဟိုင်းရဲ့ တိုးတက်မှုပဲ” လို့ဆိုပါတယ်။
ရှန်ဟိုင်းမြို့နဲ့ ရန်ကုန်မြို့တူတာက မြစ်ကမ်းနံဘေးမှာ ရှိနေတာပါ။ ကျူရောင်ကျင်း လက်ထက်မှာပဲ မြစ်ကမ်းနံဘေးမှာ မြို့ပြတစ်ခုထပ်ပြီးတည်ဆောက်ခဲ့တာပါ။ ရှန်ဟိုင်းမြို့ကြီးတိုးတက်လာမှုနဲ့အတူ ကျူရောင် ကျေးလည်း ဒုဝန်ကြီးချုပ်ဖြစ်လာပြီးတော့ နောက်ပိုင်းမှာ ဝန်ကြီးချုပ်အထိဖြစ်သွားခဲ့ပါတယ်။ သူဝန်ကြီးချုပ်ဖြစ် သွားတဲ့အခါ ရှန်ဟိုင်းမှာ ပြောင်းလဲမှုတွေ ထပ်ဖြစ်လာခဲ့ပါတယ်။ အာရှတိုက်ရဲ့အလယ်မှာရှိတဲ့ ရုရှား၊ တာဂျစ်ကစ္စတန်အစရှိတဲ့ Central Asia လို့ခေါ်တဲ့ နိုင်ငံလေးနိုင်ငံနဲ့ တရုတ်နဲ့ ပေါင်းစည်းလာခဲ့ပါတယ်။ ဒီ နိုင်ငံလေးနိုင်ငံက ရေနံစိမ်းကောင်းကောင်းထွက်တဲ့ နိုင်ငံတွေပါ။ အဲဒီနိုင်ငံတွေနဲ့ ရှန်ဟိုင်းမှာဆုံပြီးတော့ အပေါင်း ရှန်ဟိုင်း ငါးနိုင်ငံကို ဖွဲ့နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ Great West ဆိုပြီ တရုတ် ပြည်ရဲ့အနောက်ဘက်ဒေသဖွံ့ဖြိး ရေးကို အကြီးအကျယ် ဆောင်ရွက်ခဲ့တာက နေ ကမ္ဘာ့အရှည်ဆုံးရထားလမ်းမကြီးတို့၊ ပိုးလမ်းမကြီး တစ်စိတ်တစ်ပိုင်းတို့ တည်ဆောက်နိုင်သွားနိုင်တဲ့ အထိဆိုတော့ ရှန်ဟိုင်းအောင်မြင်မှုက အံမခန်းလို့ပြောရတော့မလိုပါပဲ ။
နောက်ထပ် တရုတ်နိုင်ငံရဲ့ ထူးခြားမှုတစ်ခုက တစ်ပါတီအာဏာရှင် စနစ်ဖြစ်နေတာပါ။ အားလုံးဟာ သူတို့ရဲ့ဗဟိုဦးစီးစနစ်ရဲ့အောက်မှာသာပဲ လုပ်ခွင့်ရှိပါတယ်။ ဒါကြောင့်လည်း မူဝါဒ မှန်ကန်မယ်ဆိုရင် အောင်မြင်နိုင်တဲ့ အနေအထားတစ်ခုပါ။ တစ်နည်းအားဖြင့် မှန်ကန်တဲ့မူဝါဒတစ်ခုကို အာဏာရှင်စနစ်နဲ့ တွန်းခဲ့တဲ့ သဘောပါ။ သူက ဒီမိုကရေစီလို အားလုံးသဘောတူအောင် စောင့်စရာ မလိုဘူး။ ဒီလိုပြောလို့ ဒီမိုကရေစီစနစ်အလုပ်မဖြစ်ဘူးလို့ပြောတာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်မှာ အားသာချက်ရှိသလို တချို့နိုင်ငံတွေအတွက် အာဏာရှင်စနစ်က အလုပ်ဖြစ်နေသေးတယ်ဆို တဲ့ အဓိပ္ပာယ်ကို ဖော်ညွှန်းခြင်း ဖြစ်ပါတယ်။ တရုတ်ဥပမာက မူဝါဒမှန်ကန်မှုနဲ့ အဲဒီမူဝါဒကို အာဏာရှင်စနစ်နဲ့ တွန်းလိုက်နိုင်တဲ့အတွက် အလုပ်တွင်သွားတယ်လို့ပြော ရမှာပါ။ ဒီလို ချမ်းသာသွားတဲ့အတွက်လည်း မြို့ကြီးတွေဖြစ်သွား တာပါလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
■ စက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍ
“မြို့ပြဖွံ့ဖြိုးမှုဆိုတဲ့ အဓိပ္ပာယ်ထဲမှာ စက်မှုခေတ်ပြောင်းတော်လှန်ရေးကြောင့် မြို့ဖြစ်လာတာ တွေ့ရတယ်။ လူတွေကအရင် တောမှာနေတာ၊ စက်ရုံတွေပေါ်လာတော့ မြို့ကြီးတွေဆီ လူတွေ ရောက်လာတာ၊ အဲဒီ တော့ စက်မှုလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အောင်မြင်မှမြို့ဖြစ်တာ၊ စိုက်ပျိုးနေလို့ မြို့မဖြစ်ဘူး။ အဲဒီလို Industrial နဲ့ Services အောင်မြင်ဖို့အခြေခံကောင်းတွေ ချဖို့လိုတာပေါ့။ Services အတွက် လူတွေCapacity ရှိမှရမှာလေ။ ပြည်သူတွေက Services လုပ်နိုင်တဲ့ ပညာအရည်အချင်း တွေ စွမ်းဆောင်ရည်တွေ ရှိမှရမှာပေါ့။ Industrial ဖြစ်ဖို့ကလည်း အခြေအနေတွေ လိုတာပေါ့။ ဘယ်လို စက်မှုလုပ်ငန်းတွေ လုပ်မှာလဲ။ ထိုင်းဆိုရင် Agro Based Indutrial ကို လုပ်တာအောင်မြင်တယ်။ ထိုင်းမှာ အစားအစာအားလုံးကို Value Added လုပ်ပြီး နိုင်ငံခြားကိုပို့တာလေ။ အဲဒီတော့ Industrial နဲ့ Services အောင်မြင်လို့ တရုတ်က မြို့ဖြစ်လာတာပေါ့။ မြို့ရဲ့ Function တွေ အဆင်ပြေလာတော့ ချမ်းသာလာတယ်” ဟု မြို့ပြဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြပါတယ်။
မြန်မာနိုင်ငံမှာ မြို့ပြဖွံ့ဖြိုးမှု (Urban Growth) နဲ့ စီးပွားရေးဖွံ့ဖြိုးမှု (Economic Growth) က ပြောင်းပြန်ဖြစ်နေတဲ့ အကြောင်းလည်း အဆိုပါပုဂ္ဂိုလ်က သုံးသပ် ပြခဲ့ပါတယ်။
“လူတွေက တောမှာမနေနိုင်လို့ မြို့ကို တက်လာကြတယ်။ ဒါပေမဲ့ မြို့မှာနေနိုင်လောက်တဲ့ ပညာလည်း မပါဘူး၊ ပိုက်ဆံလည်း မပါဘူး။ ဆိုလိုတာက မြို့မှာနေတယ်ဆိုတာ မြို့နဲ့ လျော်ညီတဲ့ ကျွမ်းကျင်မှု တစ်ခုခု (Skill) ရှိရမယ်။ အဲဒီလို ကျွမ်းကျင်မှုလည်းမရှိဘူး။ တောမှာ အလုပ်မရှိလို့ မြို့တက်လာကြမယ်ဆိုရင် မြို့အတွက် ဝန်ထုပ်ဝန်ပိုးအကြီးကြီးဖြစ်သွားမယ်။ လူတွေတော့ သိပ်သည်းလာတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း က နှေးလာမယ်။ လူမှုရေးပဋိပက္ခ (Social Conflict) တွေ ဖြစ်မယ်။ အခြားလူမှုရေးအရ နစ်နာမှု (Social Losses) တွေ ဖြစ်မယ်။ အဲဒါကိုတောကလူ မြို့မပြောင်းရဘူးလို့ ပြောရင်လည်း ဒီမိုကရေစီနဲ့ ငြိမယ်။ ဒီတော့ မြို့ပြဖွံ့ဖြိုးမှုနဲ့အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကိုလည်း လျစ်လျူရှုလို့မရဘူး။ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့လိုပါတယ်” ဟု လည်း ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
“ဂယက်ကတော့ အားလုံးခံရတာပေါ့။ စက်ရုံအလုပ်ရုံဆိုတာ ရှုံးတာမြတ်တာ မကြောက်ပါဘူး။ လုပ်လို့ရအောင်ပဲ လုပ်ချင်ကြတာ၊ အလုပ်လုပ်လို့မရအောင် ဖြစ်လာရင်တော့ လုပ်ငန်းတွေရပ်ကြမယ်။ နောက် ဆုတ်ကြမယ်။ လုပ်လို့ရတဲ့တိုင်းပြည်မှာပဲ သွားလုပ်ကြမှာပေါ့” ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ အနည်းငယ် အရှိန်နှေးသွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ ပြည်တွင်းပြည်ပမရေရာ မသေချာမှုတွေ ရှိနေတဲ့တိုင် အကောင်းဘက်မှာရှိ နေဆဲဖြစ်ပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်းကို ရောက်ရှိလာမယ်လို့ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီကိန်းဂဏန်းတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့တော့ ကင်းကွာနေ တယ်လို့ လုပ်ငန်းရှင်တွေက ပြောပြကြပါတယ်။ အခြေအနေကတော့ လုပ်ငန်းရှင်တွေ လုပ်ကိုင်ကိုင်ရပိုမို ခက်ခဲလာတဲ့ အခြေအနေလို့ ပြောရမှာပါ။ ကိန်းဂဏန်းတွေနဲ့ လက်ရှိမြေပြင်အနေအထားတွေ ဘာကြောင့် ကွဲလွဲနေလဲဆိုတာကတော့ ပြောဖို့ခက်နေပါတယ်။ အခြားတစ်ဖက်မှာပဲ စီးပွားရေး တိုးတက်မှုသာ ပမာဏကြီးကြီးမားမားနဲ့ လျော့ကျသွားမယ်ဆိုရင် နိုင်ငံအတွက် အထွေထွေမတည်ငြိမ်မှုတွေ ဖြစ်လာနိုင် တယ်လို့လည်း ကမ္ဘာဘဏ်က ထောက်ပြထားတာ ရှိနေပါသေးတယ်။
■ ရန်ကုန်မြို့ ဘာလဲ၊ ဘယ်လဲ
ဒါကြောင့် မြန်မာပြည်စီးပွားရေး တိုး တက်လာသလား။ နှေးကွေးလာသလားဆိုတာထက် ဥပမာ ရန်ကုန်မြို့အပါဝင် မြို့ကြီး တွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စီးပွားရေး တိုးတက်လာဖို့ကတော့ အမှန်တကယ်လိုအပ်ပါတယ်။ လက်ရှိရန်ကုန်မြို့မှာ အိမ်ခြံမြေ ဈေးကွက်က အေးစက်နေတဲ့အတွက် တည်ဆောက်ထားတဲ့ အိမ်ရာစီမံကိန်းတွေမှာတောင် ပြည်သူတွေ ဝယ်ယူနိုင်စွမ်းမရှိသလောက် နည်းပါးနေပါတယ်။ ဘဏ်တွေ နဲ့ချိတ်ဆက်ပြီး အရစ်ကျရောင်းချပေးနေတာတောင် ရောင်းအားမသွက်တဲ့ အခြေအနေပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူး ပေါင်း အကောင်အထည်ဖော်ထားတဲ့ ဒဂုံဆိပ်ကမ်းက ဧရာဝဏ်၊ ရတနာစီမံကိန်းဆိုရင်တောင် ဝယ်နိုင်တဲ့သူ သိပ်မတွေ့ရပါဘူး။
ယေဘုယျအားဖြင့် တန်ဖိုးနည်းအိမ်ရာတွေမှာလောက်သာ ကြိတ်ကြိတ်တိုး ဝယ်ယူနေကြပေမယ့် အစိုးရဘက်ကလည်း အလုံအလောက် ဆောက်လုပ်မရောင်းနိုင်သေးဘူး။ တန်ဖိုးနည်းအိမ်ရာက တိုက်ခန်းတွေကိုတောင် ဘဏ်နဲ့ချိတ်ပြီး ၁၅ နှစ်အရစ်ကျ စနစ်နဲ့ အမှန်တကယ်အိမ်ရာလိုအပ်နေသူတွေကို ရောင်းချပေးနေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်နဲ့ တန်ဖိုးနည်းရော တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၈၆၀ ကျော်ကို ရောင်းဖို့စီစဉ်ခဲ့တာမှာ ဝယ်ယူလိုသူ လျှောက်လွှာတင်သူ က ၆၀၀၀ ကျော်အထိ ရှိနေပါတယ်။နေစရာ အခက်အခဲရှိတဲ့ ရန်ကုန်မြို့မှာ တန်ဖိုးနည်း တိုက်ခန်းဝယ်ချင်တာတောင် ဝယ်ယူလိုသူနဲ့ ရောင်းပေးနိုင်တဲ့အခြေအနေ ကွာခြားလွန်းနေပြီး လိုအပ်ချက် မြင့်တက်နေဆဲပါပဲ။ ဒီလိုတန်ဖိုးနည်း တိုက်ခန်းကိုတောင် မဝယ်နိုင်ဘဲ စားဝတ်နေရေးအတွက် အကျပ်အတည်းများစွာအောက် ရောက်နေတဲ့ ပြည်သူတွေလည်း ဒုနဲ့ဒေးပါပဲ။
အစပိုင်းမှာ တင်ပြခဲ့တဲ့ တရုတ်နိုင်ငံက ရှန်ဟိုင်းက (Pudong) ဒေသဟာ ၂၅ နှစ် ကျော်ကာလအတွင်းမှာ သာမန်တံငါရွာလေးတစ်ရွာကနေ ကမ္ဘာ့သိအဆောက်အအုံ တွေနဲ့မြို့ကြီးဖြစ်လာခဲ့သလိုပဲ ရန်ကုန်မြို့ ဟာလည်း လာမယ့်၂၅နှစ်အတွင်းမှာ ဘယ်လောက်အထိတိုးတက်တဲ့ မြို့ကြီး ဖြစ်လာမလဲလို့တွေးမိပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ စီးပွားရေးကောင်းမှ ဖြစ်မှာပါ။ စီးပွားရေးကောင်းဖို့ဆိုတာ မှန်ကန်တဲ့ မူဝါဒတွေနဲ့ မှန်ကန်တဲ့ စီမံခန့်ခွဲမှုတွေ ရှိမှဖြစ်လာမှာပါ။
ရန်ကုန်မြို့ဟာ လူဦးရေထူထပ်များပြားလွန်းသလောက် သူနဲ့ ဆက်စပ်နေတဲ့ အခြေခံ အဆောက်အအုံ (Infrastructure) တွေ အားလုံးက ကောင်းမွန်ခြင်းမရှိပါဘူး။ ရေဆိုးထုတ်စနစ်၊ မိလ္လာ စနစ်ကအစ၊ အဆောက်အအုံတွေရဲ့ စံချိန်စံညွန်းတွေအဆုံးမြို့ပြအင်္ဂါရပ်နဲ့ မလျော်ညီသလို ဖြစ်လာပါတယ်။ ဒါတွေကို ပြန်ကောင်းအောင် လုပ်တာထက် မြို့သစ်တည်တာကမှ ပြီးပြီး ကုန်ကျစရိတ် သက်သာဦးမယ်ဆိုတဲ့ အမြင်တွေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းလို စီမံကိန်းမျိုးကိုလည်း တွန်းထိုး လုပ်ဆောင်နေကြတာလည်း တွေ့မြင်နေရပါတယ်။ ဒီမူဝါဒတွေဟာ ဘယ်လောက်မှန်ကန်မှု ရှိပါသလဲ။ ဘယ်လောက် အတိုင်းအတာအထိ အောင်မြင်နိုင်စွမ်းရှိပါသလဲ။ မူဝါဒတစ်ခုကို ဘယ်လောက်အထိ အပြန်အလှန်သုံးသပ်ထားပြီလဲ။ ဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ ဒီမိုကရေစီ စနစ်ပင် ဖြစ်လင့်ကစား ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ ဆေးမြီးတိုနဲ့ ကုခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါ။ နိုင်ငံရေးစနစ်ဆိုတာကလည်း အစဉ်အဆက် မကောင်းခဲ့ပါဘူး။ သမိုင်းစဉ်ဆက် ဖဆပလ ၁၄ နှစ်လောက်က လွဲရင် ကောင်းမွန်တဲ့ စနစ်ဆိုတာ မတည်ဆောက်နိုင်လောက်အောင် ယိုယွင်းပျက်စီးခဲ့တဲ့ နိုင်ငံတစ်ခုပါ။ ဒါကိုလက်ရှိ ဒီမိုကရေစီ အစိုးရကတော့ သူ့နည်းသူ့ဟန်နဲ့ သူအဖတ်ဆယ်ဖို့ ကြိုးစားနေပါတယ်။
ဒီနေရာမှာ သတိကြီးစွာထားရမှာက လှမ်းတဲ့ခြေလှမ်းတိုင်းမှန်ကန်ဖို့ပါ။ မြေစမ်း ခရမ်းပျိုး လုပ်ဆောင်မှုတွေကြောင့် တိုင်းပြည်နစ်နာခဲ့ပေါင်းများနေတာကိုလည်း သတိပြုသင့်ပါတယ်။ အရေးကြီးတာ မူဝါဒပါ။ မှန်ကန်တဲ့ မူဝါဒ (Policy) ရှိဖို့လိုအပ်ပါတယ်။ ဒီမူဝါဒကို ဘယ်လို စနစ်တကျ အကောင် အထည် ဖော်မလဲ။ ဘယ်သူတွေနဲ့ ဖော်မလဲ။ ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့ (Implementation) လည်း အရေးကြီးပါတယ်။ မူဝါဒမှန်ကန်မယ်၊ အကောင်အထည်ဖော်မှု မှန်ကန်မယ်ဆိုရင် ရန်ကုန်မြို့သာမက မြန်မာတစ်နိုင်ငံလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာပါ။ ရှန်ဟိုင်းလို ဖြစ်လာနိုင်သလို စင်ကာပူလိုဖြစ်ဖို့လည်းမဝေးပါဘူး။ အဲဒီအခြေခံအချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်တော့…… ။