အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများအား အမေရိကန်က ရပ်ဆိုင်းရန် ကုလသမဂ္ဂတရားရုံးက အမိန့်ချ

အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများအား အမေရိကန်က ရပ်ဆိုင်းရန် ကုလသမဂ္ဂတရားရုံးက အမိန့်ချ
အောက်တိုဘာ ၃ ရက်တွင် သည်ဟိဂ်ရှိ ICJ တရားရုံးသို့ တရားသူကြီးများ ဝင်ရောက်လာစဉ် အမေရိကန် (ဝဲ) နှင့် အီရန် (ယာ) မှ ကိုယ်စားလှယ်များ မတ်တတ်ထရပ်ကြစဉ် (Photo: AP)
အောက်တိုဘာ ၃ ရက်တွင် သည်ဟိဂ်ရှိ ICJ တရားရုံးသို့ တရားသူကြီးများ ဝင်ရောက်လာစဉ် အမေရိကန် (ဝဲ) နှင့် အီရန် (ယာ) မှ ကိုယ်စားလှယ်များ မတ်တတ်ထရပ်ကြစဉ် (Photo: AP)
Published 4 October 2018

အီရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူနေခြင်းအား ရပ်ဆိုင်းရန် ကုလသမဂ္ဂထိပ်တန်းတရားရုံးတစ်ရုံးက အောက်တိုဘာ ၃ ရက်တွင် အမိန့်ချလိုက် ကြောင်း သိရသည်။ ယင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အတွက် အံ့အားသင့်ဖွယ် နောက်ပြန်ဆွဲမှုတစ်ခု ဖြစ်သွားခဲ့သည်။

ထရန့်သည် သမိုင်းဝင်အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်သွားပြီးနောက် အီရန်အပေါ် စီးပွားရေးအရအရေးယူ လုပ်ဆောင်မှုများ ပြန်လည်ချမှတ်ခဲ့သည်။ အီရန်က ၎င်းတို့အပေါ် ချမှတ်နေသည့် ထိုပိတ်ဆို့မှုများကို ဟန့်တားပေးရန် တောင်းဆိုမှုကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ယခုကဲ့သို့ အံ့သြစရာ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။

အချို့ကုန်များအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုတို့သည် အီရန်အစ္စလာမ္မစ်တော်လှန်ရေးမတိုင်မီ ၁၉၅၅ ခုနှစ်က အီရန်နှင့် အမေရိကန်ကြား၌ရရှိခဲ့သည့် ခင်မင်မှုသဘောတူညီချက်တစ်ခုကို ချိုးဖောက်ရာ ရောက်နေသည်ဟု သည်ဟိဂ်မှ တရားသူကြီးများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

အီရန်သို့ ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ အစားအစာနှင့် စိုက်ပျိုးရေး ထုတ်ကုန်များ၊ လေယာဉ်အစိတ်အပိုင်းများ လွတ်လပ်စွာတင်ပို့ခွင့်အပေါ် ပိတ်ဆို့မှုများအား အမေရိကန်က ဖယ်ရှားပေးရန် တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း တရားသူကြီးချုပ် အဗ္ဗဒူကွာဝီ အာမက်ယူဆက်ဖ်က ကြေညာခဲ့သည်။

လူသားချင်း စာနာမှုလိုအပ်ချက်အတွက် လိုအပ်သည့် ကုန်များအပေါ် ပိတ်ဆို့အရေးယူခြင်းသည် အီရန်နယ်နိမိတ်အတွင်း၌ နေထိုင်သူတို့၏ ကျန်းမာရေးနှင့် အသက်အိုးအိမ်များအပေါ် ဆိုးဆိုးရွားရွားထိခိုက် စေမည်ဟု တရားရုံးက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အမေရိကန်၏ ပိတ်ဆို့မှုများသည် အီရန်လေကြောင်းလုံခြုံရေးနှင့် ယင်းကိုအသုံးပြုသူတို့အတွက် အသက်အန္တရာယ်ဖြစ်စေနိုင်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် မေလက အီရန်နျူကလီးယား သဘောတူညီချက်မှနုတ်ထွက်ခဲ့ပြီးနောက် ပထမအကျော့ပိတ်ဆို့အရေးယူမှုကို သြဂုတ်လက ချမှတ်ခဲ့ပြီး ဒုတိယအကျော့ကို နိုဝင်ဘာ၌ ချမှတ်မည်ဖြစ်သည်။

ICJ သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းကြားမှ ပဋိပက္ခများအပေါ် ဆုံးဖြတ်ပေးရခြင်းဖြစ်သည်။ ICJ ၏အမိန့် သည် မဖြစ်မနေလိုက်နာရမည်ဖြစ်ပြီး အယူခံဝင်၍မရနိုင်ပေ။ သို့သော်လည်း ယင်းအ မိန့်အတိုင်း တည်စေရန် လုပ်ထုံးလုပ်နည်းလည်း မရှိပေ။

အမိန့်မချမီက အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က ထိုပိတ်ဆို့မှုများသည် အစိုးရအပြောင်းအလဲဖြစ်ပေါ်စေရန် စိတ်ဓာတ်စစ်ဆင်ရေးတစ်ခု ဖြစ်သည်ဟု ဘီဘီစီ ရေဒီယိုသို့ပြောခဲ့သေးသည်။ သြဂုတ်လနှောင်းပိုင်းက လေးရက်ကြာ ကြားနာ စစ်ဆေးမှုအတွင်း အီရန်ရှေ့နေများက ၎င်းတို့နိုင်ငံ၏ စီးပွားရေးကို အမေရိကန်က လည်ပင်းညှစ်နေသည်ဟုစွပ်စွဲခဲ့သည်။ သို့သော် အမေရိကန်လည်း အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်သော ထိုကိစ္စ နှင့် ပတ်သက်ပြီး ICJ တွင် စီရင်ဆုံးဖြတ်ခွင့် မရှိဟု ပြောကြားထားသည်။

Most Read

Most Recent