ထားဝယ်မြို့၌ H5N1 ဗိုင်းရပ်တွေ့ရှိခဲ့သော ရောဂါကူးစက်ရာဧရိယာမှ ၁၀ ကီလိုမီတာအတွင်းရှိ စာသင်ကျောင်းများအားလုံးကို သြဂုတ် ၁ ရက်မှ ၇ ရက်အထိ အရေးပေါ်ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်

ထားဝယ်မြို့၌ H5N1 ဗိုင်းရပ်တွေ့ရှိခဲ့သော ရောဂါကူးစက်ရာဧရိယာမှ ၁၀ ကီလိုမီတာအတွင်းရှိ စာသင်ကျောင်းများအားလုံးကို သြဂုတ် ၁ ရက်မှ ၇ ရက်အထိ အရေးပေါ်ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်
Published 31 July 2017


ထားဝယ်မြို့၌ ဇူလိုင် ၃၁ ရက်က ထားဝယ်ဒေသခံ ပရဟိတလူငယ်များ ပါဝင်သောအဖွဲ့က ခွဲစိတ်ခန်းသုံး Mask များနှင့် H5N1/H1N1 အသိပညာပေး လက်ကမ်းစာစောင်များကို ဒုတိယနေ့အဖြစ် ဖြန့်ဝေအသိပညာပေးနေစဉ်

အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ H5N1 နှင့် H1N1 ဗိုင်းရပ်နှစ်မျိုး ကူးစက်ခံနေရသည့် ထားဝယ်ဒေသ၌ ရောဂါကူးစက်ရာဧရိယာ (Infected Area) မှ ၁၀ ကီလိုမီတာအတွင်းရှိ စာသင်ကျောင်းများအားလုံးကို သြဂုတ် ၁ ရက်မှ ၇ ရက်အထိ အရေးပေါ်ကျောင်းပိတ်ရက် ခုနစ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးထံမှ သိရသည်။

ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံများ၌ H5N1 ဗိုင်းရပ်ပိုးတွေ့ရှိကြောင်း ဇူလိုင် ၂၅ ရက်ကအတည်ပြုခဲ့ပြီး H5N1 ဗိုင်းရပ်ပိုးစတင်တွေ့ရှိခဲ့သည့် ထားဝယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးအား ဇူလိုင် ၂၇ ရက်မှ ၃၁ ရက်အထိ ငါးရက်အကြာ အရေးပေါ်ကျောင်းပိတ်ရက်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ထားခဲ့ပြီးနောက် ရောဂါကူးစက်ရာဧရိယာ (Infected Area) မှ ၁၀ ကီလိုမီတာအတွင်းရှိ ထားဝယ်၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့ရှိ အခြေခံပညာစာသင်ကျောင်း ၁၂၅ ကျောင်းကို ခုနစ်ရက်ထပ်မံပိတ်ထားရန် ဇူလိုင် ၃၁ ရက်မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က တိုင်းဒေသကြီးပညာရေးမှူး ဒေါ်မြင့်စိန်အား ခေါ်ယူအသိပေးခဲ့ကြောင်း၊ ယင်းသို့ကျောင်း ၁၂၅ ကျောင်းအား အရေးပေါ်ခုနစ်ရက်ပိတ်ရာတွင် မူကြိုနှင့် မူလတန်းများကိုသာ ပိတ်ထားမည်ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းအဆင့်ကိုမူ ဖွင့်လှစ်ထားမည်ဟု သိရသည်။

လက်ရှိတွင် H5N1 ဗိုင်းရပ်စတင်တွေ့ရှိခဲ့သည့် ကြက်ခြံမှ တစ်ကီလိုမီတာပတ်လည်အား ရောဂါကူးစက်ရာဧရိယာ (Infected Area) အဖြစ်သတ်မှတ်ထားပြီး ကန့်သတ်ဧရိယာအဖြစ် ၁ ကီလိုမီတာမှ ၅ ကီလိုမီတာပတ်လည်ကို သတ်မှတ်ထားကာ ၂ ကီလိုမီတာမှ ၁၀ ကီလိုမီတာအတွင်း ကြားခံဇုန်အဖြစ် သတ်မှတ်ထားကြောင်း၊ ထားဝယ်မြို့နယ်အတွင်း၌ ကြက်သားရောင်းချမှုနှင့် ဖြတ်သန်းသယ်ဆောင်မှုကိုလည်း တားမြစ်ထားပြီး ကြားခံဇုန်အတွင်း၌ ကုန်စည်များ ရွှေ့လျားသယ်ဆောင်နိုင်သော်လည်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း သိရသည်။

လက်ရှိတွင် H5N1 ဖြစ်ပွားခဲ့သည့် ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်မှ ထားဝယ် ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်လူနာဆောင်၌ တက်ရောက်ကုသမှု ခံယူနေသူငါးဦးရှိပြီး ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းမှ စစ်ဆေးချက်အရသုံးဦးတွင် H1N1 ဗိုင်းရပ်ပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိထားသည်။

ထားဝယ်မြို့၌ အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဗိုင်းရပ်တွေ့ရှိရာ ဝဲကျွန်းထိန်သစ်ရပ်ကွက်အတွင်းမှ ဖျားနာနေသောကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လာသော လူနာနှစ်ဦးတွင် H1N1 ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း ဇူလိုင် ၃၀ ရက်ကထပ်မံတွေ့ရှိခဲ့သဖြင့် ထားဝယ်မြို့တွင် H1N1 ဗိုင်းရပ်ကူးစက်ခံရသူ သုံးဦးရှိပြီဖြစ်ကြောင်း ထားဝယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ဇူလိုင် ၂၈ ရက်က ရောဂါကူးစက်ရာဧရိယာ (Infected Area) ဖြစ်သည့် ဝဲကျွန်းထိန်သစ် ရပ်ကွက်အတွင်းမှ ဖျားနာနေသော အသက်တစ်နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၅၂ နှစ်နှင့် အသက် ၂၁ နှစ်အရွယ်သုံးဦးကို ၎င်းရပ်ကွက်၌ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ဆောင်နေသည့်အဖွဲ့မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လာခဲ့ကြောင်း၊ ၎င်းတို့သုံးဦး၏ နှာတို့ဖတ်နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ H1N1 ဗိုင်းရပ်ပိုး ကူးစက်ခံရသည်ဟု အဖြေထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Most Read

Most Recent