ကနေဒါနိုင်ငံ တိုရွန်တိုမြို့လယ်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး အပြင်ဘက်တွင် ဇူလိုင် ၂၇ ရက် အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ကာ ယခုဖြစ်စဉ်သည် လေးလအတွင်း ဒုတိယအကြိမ်မြောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်သံတစ်ချက်ကို ကြားမိသည့် ရဲအရာရှိများက တက္ကသိုလ်ရိပ်သာလမ်းရှိ ကောင်စစ်ဝန်အဆောက်အအုံ အပြင်ဘက်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အဖြူရောင် ဆီဒင်ကားတစ်စီးသည် အခင်းဖြစ်ပွားရာနေရာမှ မောင်းနှင်ထွက်ပြေးသွားသည်ကို တွေ့ရှိခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မတ်လ ၁၀ ရက်ကလည်း တိုရွန်တိုဒေသရှိ ဂျူးဘုရားကျောင်းများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် သီးခြားဖြစ်စဉ်သုံးခု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ကောင်စစ်ဝန်အဆောက်အအုံလည်း ပစ်ခတ်ခံခဲ့ရသည်။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် ကနေဒါ၏ အကြီးဆုံးမြို့ဖြစ်သော တိုရွန်တိုရှိ အမေရိကန်နှင့် အစ္စရေး ကောင်စစ်ဝန်ရုံးများ၏ အပြင်ဘက်တွင် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ခဲ့သည်။
ဇွန်လတွင် တိုရွန်တိုဒေသရှိ လူငယ်များသည် ဂျူးဘုရားကျောင်းများ၊ ဂျူးစာသင်ကျောင်းများနှင့် အမေရိကန် ကောင်စစ်ဝန်ရုံး အပါအဝင် ပစ်မှတ်အမျိုးမျိုးကို သေနတ်ဖြင့် ပစ်ခတ်ရန် အခကြေးငွေများ ရရှိနေကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မတ်လအတွင်း ပစ်ခတ်မှုနှင့် ဆက်နွှယ်ပြီး ရဲတပ်ဖွဲ့က လူသုံးဦးကို ဖမ်းဆီးခဲ့ပြီး စစ်ဆင်ရေးအတွင်း ရဲအရာရှိတစ်ဦး သေဆုံးခဲ့သည်။
Ref: Reuters















