ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ခရိုင်(၈)ခုအား မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ ကော်ဖီသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး စီမံကိန်းတာဝန်သတ်မှတ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ခရိုင်(၈)ခုအား မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ ကော်ဖီသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး စီမံကိန်းတာဝန်သတ်မှတ်
Published 28 July 2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ခရိုင်(၈)ခုအား မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ ကော်ဖီသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး စီမံကိန်းတာဝန်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယ)နေ့တက်ရောက်ပြီးနောက် ထိုသို့ စီမံကိန်းတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊  ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်၍ “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့်  ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ ခရိုင်(၈)ခုမှ ကိုယ်စားလှယ်များက  မိမိတို့ခရိုင်၏ ရေမြေဒေသအနေအထား အလိုက် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများ၊ မျိုး၊ သွင်းအားစု ရယူသုံးစွဲမည့် အခြေအနေများ၊ ဆီထွက်သီးနှံ ရောင်းချနိုင်မည့် အခြေအနေများ၊ ဆီစက်များမှ ဝယ်ယူကြိတ်ခွဲမှု အခြေအနေများ၊  ဈေးကွက်နှင့် ဈေးနှုန်း အခြေအနေ အားနည်းချက်၊ အားသာချက်များ၊   စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ၊ လိုအပ်သော မျိုး၊ သွင်းအားစု၊ စိုက်ပျိုးနည်းစနစ်များ ရရှိနိုင်ရေးအတွက် အနီးကပ်ကြီးကြပ်မည့်ဝန်ထမ်းများ၊ မြေဆီလွှာအမျိုးအစား ရွေးချယ်စိုက်ပျိုးခြင်းများ၊ ဒေသခံ ဆီစက်လုပ်ငန်းရှင်များကလည်း တောင်သူများနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ဆီထွက်သီးနှံကုန်ကြမ်းများ လုံလောက်မှုမရှိသည့်အခြေအနေများ၊ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေများ၊ လုပ်သားရှားပါးမှု ပြဿနာများစသည့်  ဆွေးနွေးပွဲရလဒ်များကို ရှင်းလင်းတင်ပြခဲ့ပြီး  သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က  ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ခရိုင်(၈)ခုအား မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ ကော်ဖီသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ပြီး “တိုင်းဒေသကြီးအတွင်း စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်သည်မှ ဆီကြိတ်ခွဲရောင်းချသည်အထိ ကွင်းဆက်တစ်လျောက်လုံးတွင် ပါဝင်သည့် ကဏ္ဍအားလုံး၏ အားနည်းချက်၊ အားသာချက်များကို ကဏ္ဍစုံ၊ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဆွေးနွေး သွားကြသည်မှာ ကျေနပ်အားရဖွယ်ရာ ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝကဖန်တီးပေးထားသည့် မြေခံရေခံကောင်းများကို ပိုင်ဆိုင်ထားရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နေထိုင်သူများအနေဖြင့် နိုင်ငံတော်၏ရည်မှန်းချက်များကို အောင်မြင်အောင် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် နိုင်ငံတော်ကပံ့ပိုးပေးသည့် သွင်းအားစုများကိုလည်း တောင်သူများလက်ဝယ်အရောက် အကျိုးရှိစွာ အသုံးပြုနိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ပြီး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်၍ ပြည်ပသွင်းကုန်များအစားထိုးနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကို လျော့ချနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လျာထားဧကပြည့်မီရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်သည့် စားဆီကဏ္ဍတစ်ရပ် ဖြစ်ပေါ်လာစေရန် အတွက် စားဆီထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်လုံးတွင်ပါဝင်သည့် တောင်သူ၊ ဝယ်ယူကြိတ်ခွဲသူ၊ ပြုပြင် ထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူနှင့် ပညာရှင်များအပြင် မူဝါဒချမှတ်သူများ အားလုံးတက်ညီလက်ညီဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်း ဧရာဝတီတိုင်းဒေသကြီး စားဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နည်းပညာရရှိရေး၊ သွင်းအားစုများရရှိရေး၊ ဈေးကွက်ခိုင်မာရေး၊ ငွေကြေးကဏ္ဍလုံလောက်စွာရရှိရေး၊ ဒေသနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံများ ရွေးချယ်စိုက်ပျိုးရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent