■ မြန်မာအာကာသအေဂျင်စီဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးနေမှုများသည် နိုင်ငံအတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

■ မြန်မာအာကာသအေဂျင်စီဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးနေမှုများသည် နိုင်ငံအတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Published 28 July 2026

■ အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးများကိုလည်း စေလွှတ်နိုင်ရမည်ဟု ဆို

မြန်မာအာကာသအေဂျင်စီဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးနေမှုများသည် နိုင်ငံအတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်အစိုးရ၏ ရက် ၁ဝဝ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (MSA) မှ ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက ယခုကဲ့သို့ မြန်မာအာကာသအေဂျင်စီဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများတိုးတက်ဖွံ့ဖြိုးနေမှုများသည် နိုင်ငံတော်အတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းအနေဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာတိုးတက်မြင့်မားစေရေးအတွက် အိပ်မက်များ၊ ရည်မှန်းချက်များ ကိုယ်စီရှိကြကြောင်း၊ အာကာသနည်းပညာနှင့်ပတ်သက်၍ မိမိတို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုသည် အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် စိတ်ကူးများ၊ ရည်မှန်းချက်များ ကိုယ်စီရှိကြကြောင်း၊ သို့သော်လည်း အဆိုပါရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရသည်မှာ လွယ်ကူသည့်လုပ်ငန်းရပ်တစ်ခု မဟုတ်ကြောင်း ပြောကြားသည်။ 

မိမိတို့နိုင်ငံအနေဖြင့် အာကာသနည်းပညာနှင့်ပတ်သက်၍ ယခင်ကတည်းကပင် စိတ်ဝင်တစားဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ လူသားအရင်းအမြစ်များလည်း ကြိုတင်မွေးထုတ်လေ့ကျင့်ပေးပြီးဖြစ်ကြောင်း၊ မိမိ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ချိန်တွင် အာကာသနှင့်သက်ဆိုင်သည့် နည်းပညာရပ်များ သင်ကြားနိုင်ရန်အတွက် ပြည်ပသို့ ပညာတော်သင်များကို စေလွှတ်ခဲ့ကြောင်း၊ ထို့အပြင် အာကာသနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်း ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်ခဲ့ပြီး လက်ရှိအခြေအနေတွင် မြန်မာအာကာသအေဂျင်စီကို စနစ်တကျဖွဲ့စည်း၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည်ဖြစ်သဖြင့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေသိရှိနားလည်ရမည်၊ အကျိုးရှိအောင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ပထဝီမြေပြင် ပြောင်းလဲမှုဆိုင်ရာများ၊ မီးတောင်များ ပေါက်ကွဲခြင်း၊ ရေကြီးခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို အာကာသနည်းပညာ အသုံးပြု၍ အသေးစိတ်အချက်အလက်များအား သိရှိနိုင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ 

ထိုသို့ ဂြိုလ်တုများ အသုံးပြု၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာမြေပြင်အတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ မြေပြင်အချက်အလက်များကို အာကာသတွင်းရှိ ဂြိုလ်တုများမှရရှိသည့် အချက်အလက်များနှင့် ပေါင်းစပ်ဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာကာသနည်းပညာကို မိမိတို့အနေဖြင့် မဖြစ်မနေအသုံးချနိုင်ရမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မိမိတို့နိုင်ငံ၏ အာကာသနည်းပညာ မြင့်မားတိုးတက်လာစေရေးအတွက် မိမိအနေဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုးကို ကြည့်၍ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ အာကာသနည်းပညာများ တိုးတက်လာခြင်းဖြင့် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ယနေ့ သုတေသနပြခန်းများအတွင်း ပြသထားသည့် လေ့လာဆန်းစစ်မှုများသည်လည်း နိုင်ငံ၏ အကျိုးစီးပွားအတွက် များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးများကိုလည်း စေလွှတ်နိုင်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ဂုဏ်ကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည့်အပြင် ရရှိလာမည့် အသိပညာ၊ နည်းပညာနှင့် အချက်အလက်များသည်လည်း နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို အောင်မြင်အောင် စနစ်တကျဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မြန်မာအာကာသအေဂျင်စီအနေဖြင့် အစိုးရ၏ ရက် ၁၀၀ ကာလအတွင်း ယခုကဲ့သို့ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်တိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးမှုများအတွက်လည်း ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှု၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက မိမိတို့နိုင်ငံအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် အာကာသနည်းပညာဆိုင်ရာနှင့်ပတ်သက်၍ ဂုဏ်ယူဝံ့ကြွားနိုင်သော နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံမှ ပထမဆုံးသော အာကာသယာဉ်မှူး တာဝန်ထမ်းဆောင်ရန်အတွက် ပဏာမရွေးချယ်ထားရှိသော အာကာသယာဉ်မှူးလောင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိမိတို့နိုင်ငံအတွက် ရွေးချယ်ထားသည့် အာကာသယာဉ်မှူးလောင်းများအား ယခုကဲ့သို့တွေ့ဆုံရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အာကာသနည်းပညာဆိုင်ရာနှင့် အာကာသပဏာမယာဉ်မှူးများ မွေးထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းကပင် စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ ပထမဆုံးသော အာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြင်းပြသည့်စိတ်ဆန္ဒများဖြင့် ယခုကဲ့သို့ ဆန္ဒပြုခဲ့ ရွေးချယ်ခြင်းခံခဲ့ကြရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အဆင့်ဆင့်သော စိစစ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံတော်အတွက် ပထမဆုံးသော အာကာသယာဉ်မှူးများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အာကာသယာဉ်မှူးလောင်းများအနေဖြင့် လက်ရှိအခြေအနေအထိ ရောက်ရှိနိုင်ရေး စာတွေ့၊ လက်တွေ့၊ ကျန်းမာရေးတို့နှင့်ပတ်သက်၍ စိစစ်မှုများကို အဆင့်ဆင့်ကျော်ဖြတ်ခဲ့ကြရခြင်းဖြစ်ပြီး အာကာသဆိုင်ရာအတွေ့အကြုံများ၊ ဗဟုသုတများ၊ နည်းပညာများကို သင်ကြားခဲ့ကြရမည်ဖြစ်သဖြင့် တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက် အာကာသနည်းပညာဆိုင်ရာ တန်ဖိုးရှိလူသားအရင်းအမြစ်ကောင်းများပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

 

Most Read

Most Recent