ပင်လယ်နက်ကို ဖြတ်သန်းသည့် ကုန်သင်္ဘောတိုက်ခိုက်ခံရပြီး အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယအစိုးရက နယူးဒေလီမြို့ရှိ ယူကရိန်းသံအမတ်ကြီးကို ဇူလိုင် ၂၇ ရက်တွင် ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့သည်။
ဇူလိုင် ၁၈ ရက်က MV Omforfi သင်္ဘောတိုက်ခိုက်ခံရမှုကို "အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း" အသိပေးရန် ယူကရိန်းသံအမတ်ကြီး အိုလက်ဆန်းဒါး ပိုလစ်ချုခ်အား ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါသင်္ဘောပေါ်တွင် အိန္ဒိယနိုင်ငံသား သုံးဦး လိုက်ပါလာခဲ့ပြီး တစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
“ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို ကုန်သင်္ဘောတွေကို ခုလို တိုက်ခိုက်တာကိုလည်း အပြင်းထန်ဆုံး ရှုတ်ချကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ “အပြစ်မဲ့ အရပ်သား သင်္ဘောသားတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ဖွယ် ဖြစ်စေတဲ့ လုပ်ရပ်တွေကို လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ရှောင်ရှားရမှာဖြစ်ကြောင်း” ကိယက်ဗ်အစိုးရထံအကြောင်းကြားရန် သံအမတ်ကြီး ပိုလစ်ချုခ်အား ပြောကြားခဲ့သည်။
အလားတူ လွန်ခဲ့သည့် သီတင်းပတ်ကလည်း ယူကရိန်းနိုင်ငံ အိုဒက်ဆာဆိပ်ကမ်းမှ ထွက်ခွာလာသည့် ကုန်သင်္ဘောတစ်စီး တိုက်ခိုက်ခံရပြီး အိန္ဒိယနိုင်ငံသား လေးဦး သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ နယူးဒေလီအစိုးရက ရုရှားသံအမတ်ကို ဆင့်ခေါ်ကန့်ကွက်ခဲ့သေးသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ကုန်တင်သင်္ဘောလိုင်းများသို့ သင်္ဘောသားအများဆုံး စေလွှတ်ပေးနေသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ် အိန္ဒိယရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ တာဝန်ထမ်းဆောင်နေသောသင်္ဘောသား ၃၂၀၀၀၀ ကျော်ရှိသည်ဟုဆိုသည်။
ပင်လယ်နက်သို့သွားသော သင်္ဘောများကို လုံခြုံရေးနှင့်ပတ်သက်၍ အိန္ဒိယက ဆက်တိုက် သတိပေးနေသည်။
Photo- AFP













