မန္တလေးမြို့၊ မနော်ဟရီလမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၆ ဦးကို ဇူလိုင်လ၂၃ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း(၁၁ဝလမ်း) ၊ ၆၂လမ်းနှင့်၆၃လမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓါးပြတိုက်ခံရမှု ဇူလိုင်လ၂ဝရက်နေ့ညနေ ၄နာရီခန့်ကဖြစ်ပွားခဲ့ရာ ရွှေချိန် တစ်ပိသာခန့်ပါသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရွှေဆိုင်ဓါးပြတိုက်သူများကို တိုင်းရဲတပ်ဖွဲ့မှဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဓါးပြတိုက်မှုကျုးလွန်စဉ်က စီးလာသောဆိုင်ကယ်မှတဆင့် ခြေရာခံမိခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများကို မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ဘက်ရှိ ကျေးရွာများမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရွှေဆိုင် ဓါးပြတိုက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့၅ဦးနှင့်စောင့်ကြည့်ညွှန်ကြားပေးသူ၁ဦးအပါအဝင် ၆ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ကျူးလွန်သူများကို ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး " ရွှေဆိုင်ဓါးပြတိုက်မှုကျူးလွန်သူတွေထဲက တစ်ချို့ဆိုရင် လူသတ်မှု၊ ခိုးမှု၊ ခါးပိုက်နှိုက်မှုတွေနဲ့ ပြစ်ချက်ဟောင်းရှိသူတွေပါဝင်ပါတယ်။ တစ်ဦးထဲ ထောင်၃ခါကျပြီးသားသူတွေလည်းပါတယ်။တစ်ချို့တွေက သားဖတွေလည်းဖြစ်ကြတယ်။ ဦးဆောင်ညွှန်ကြားသူတဲ့တစ်ဦးကတော့ ဘုန်းကြီးဝတ်ပြီးပြေးတာမို့ ပဲခူးမှာဖမ်းမိထားပါတယ်။ သက်သေခံပစ္စည်းသိမ်းဆည်းတာတွေလုပ်နေသလို တစ်ခြားပြစ်မှုတွေကျူးလွန်ထားခြင်းရှိမရှိ စစ်ဆေးနေပါတယ်" ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။
၎င်းတို့ကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် (ပ)၁၁၄/၂၀၂၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အမျိုးသား၅ဦးသည် မျက်နှာမက်စ်တပ်ထားပြီး ဆိုင်ကယ်ဦးထုတ်မှန်များချကာ ကာထား၍ သေနတ်ပစ်ဖောက်ကာ မည်သူများအနားမကပ်နိုင်စေရန်ခြောက်လှန့်ကာ ရွှေများလုယူမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။















