အမေရိကန်သည် ဇူလိုင် ၂၄ ရက်တွင် စတင်အကျုံးဝင်သက်ရောက်မည့် သွင်းကုန်အပေါ်စည်းကြပ်ကောက်ခံသည့် အခွန်နှုန်းထားများကို ကုန်သွယ်ဖက်နိုင်ငံ ၆၀ အပေါ် ချမှတ်ခဲ့ပြီး ယခုအခွန်များသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ယခုနှစ် အစောပိုင်းတွင် စတင်ကျင့်သုံးခဲ့ပြီး သက်တမ်းကုန်ဆုံးတော့မည့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ခွန်နှုန်းထားများနေရာတွင် အစားထိုးမည်ဖြစ်သည်။
ယင်း အခွန်စည်းကြပ်မှုများသည် ၁၀ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိပြီး တရုတ်၊ အိန္ဒိယနှင့် ဥရောပသမဂ္ဂကဲ့သို့ အဓိက စီးပွားရေးအင်အားကြီး နိုင်ငံများကို သက်ရောက်စေမည်ဖြစ်သည်။
"အမေရိကန်ပြည်ထောင်စုမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုနဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ ဥပဒေကို အကောင်အထည်ဖော်ခဲ့တာ ရာစုနှစ်တစ်ခုနီးပါး ရှိခဲ့ပြီဖြစ်ပြီး တင်းကျပ်စွာလည်း စည်းကြပ်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေအနေနဲ့လည်း ယခုလို လုပ်ဆောင်ဖို့ အချိန်တန်ပါပြီ" ဟု အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး ဂျေမီဆန် ဂရင်းယားက ပြောကြားခဲ့သည်။
ယခု ပစ်မှတ်ထားခံရသည့် နိုင်ငံများသည် အမေရိကန် ကုန်သွယ်မှု၏ အများစုကို ကိုယ်စားပြုကြောင်းလည်း ၎င်းက အစောပိုင်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ဖေဖော်ဝါရီလအတွင်း အမေရိကန် တရားရုံးချုပ်က ထရန့်၏ စည်းကြပ်ကောက်ခံသည့် အခွန်အများအပြားကို ပယ်ဖျက်ခဲ့ပြီးနောက် ထရန့် အစိုးရအဖွဲ့သည် သမ္မတ၏ ကုန်သွယ်ရေးလုပ်ငန်းစဉ်ကို အလျင်အမြန် ပြန်လည် တည်ဆောက်ခဲ့သည်။
Ref:AFP















