နယူးကာဆယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဇူလိုင်(၂၀)ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ကစားသမားဟောင်း ကီဗင်ကီးဂန်းအတွက် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ ဂုဏ်ပြုပွဲပြုလုပ်ပေးဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ ကီဗင်ကီးဂန်းဟာ အစာအိမ်ကင်ဆာရောဂါနဲ့ အသက်(၇၅)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။
ကီဗင်ကီးဂန်းဟာ လီဗာပူးလ်နဲ့ နယူးကာဆယ် နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးသူဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ ပြည်တွင်းဆုဖလားတွေသာမက ဥရောပဖလား(ယခု ချန်ပီယံလိဂ်)နဲ့ UEFA Cup တွေလည်း ရယူနိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းမှာ ကစားသမားဘဝ ဆုဖလားအောင်မြင်မှုမရခဲ့ပေမဲ့ နည်းပြဘဝမှာတော့ ဘောလုံးလိဂ်ပထမတန်းချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
နယူးကာဆယ်နဲ့ လီဗာပူးလ်တို့ဟာ ၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီအဖွင့် ပွဲစဉ်(၁)ကတည်းက ဆုံတွေ့ကြမှာဖြစ်တာကြောင့် ပွဲမစခင် ဂုဏ်ပြုပွဲ ပြုလုပ်ပေးဖို့ ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ နှစ်သင်းစလုံးက သက်ဆိုင်ရာကွင်းတွေရဲ့အပြင်ဘက်မှာ ကီဗင်ကီးဂန်းအတွက် အမှတ်တရဂုဏ်ပြုမှု ပြုလုပ်ဖို့ နေရာတွေ ဖန်တီးပေးထားကြောင်း သိရပါတယ်။
ကီဗင်ကီးဂန်းဟာ Ballon d'Or ဆု နှစ်ကြိမ်ရရှိဖူးတဲ့ တစ်ဦးတည်းသော အင်္ဂလန်ကစားသမား ဖြစ်ပါတယ်။















