ကလေးနှင့် မန္တလေးမြို့တို့တွင် ကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိ

ကလေးနှင့် မန္တလေးမြို့တို့တွင် ကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိ
Published 23 July 2026

ကလေးနှင့် မန္တလေးမြို့တို့တွင် ကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိ‌ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည်  သတင်းအရ ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကလေးမြို့အဝင်တွင် အောင်အောင်ထွန်း (ခ)အောင်ကြီး မောင်းနှင်လာသည့် SURF အမျိုးအစား မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၆ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလျံ)အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဇူလိုင် ၁၄ ရက်တွင် ကလေးမြို့၊ တာဟန်းရပ်ကွက်၌ အဆိုပါစိတ်ကြွဆေးပြားများအား လက်ခံယူရန် ချိတ်ဆက်စောင့်ဆိုင်းနေသည့် ထောင်းရှင်းခိုင် အား PRADO အမျိုးအစားယာဉ် ၁ စီးနှင့်လည်းကောင်း၊ မကျင်းဆန်းညောင်(ခ)မဉာဏ်(ခ)စန်းစန်း(ခ)မညောင် အား ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း ဆက်လက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ ရက် နံနက် ၃  နာရီခန့်တွင် စိတ်ကြွဆေးပြားများအား မန္တလေးမှကလေးသို့ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇော်ဇော်လတ် နှင့် မနွယ်နီလွင် တို့ ၂ ဦးအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုးရပ်ကွက်ရှိ တည်းခိုခန်းတွင်လည်းကောင်း၊ လှိုင်သလွန်း(ခ)ပါးတွောင်အား ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၀)ရှိ နေအိမ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၆ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်ရှိနေအိမ်မှ ဇော်ဇော်လတ် နှင့် မနွယ်နီလွင်တို့ သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၉ ဒသမ ၆ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၄၄ ဘီလျံ)အား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၂ ဒသမ ၉၄ ဘီလီယံတန်ဖိုးရှိ စုစုပေါင်းစိတ်ကြွဆေးပြား ၁၅ ဒသမ ၆ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ထန်လမ့်ကျင့် အား အမရပူရမြို့နယ်၊ ဆောက်တောဝရွာရှိဂိုဒေါင်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား မန္တလေးမှ ကလေးသို့ အဓိကသယ်ဆောင်ရောင်းဝယ်သူမှာ ကလေးမြို့နယ်၊ ကန်ကြီးရွာနေ မစုမွန်လွင်(ခ)စုလေး(ခ)မစု(ဖမ်းဆီးရန်ကျန်)နှင့် လားရှိုးမြို့၊ ရပ်ကွက်(၄)နေ အောင်ကျော်ဦး(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent