■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး

■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး
Published 23 July 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ ပြုလုပ်သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံမှူး၊ စစ်သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ထို့အပြင် ကမ္ဘာတစ်ဝှမ်း လူသားမျိုးနွယ်အား ခြိမ်းခြောက်လျက်ရှိသည့်  မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးနှိမ်နင်းလျက်ရှိမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဒေသတွင်းနိုင်ငံများဖြင့် ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား နည်းပညာ၊ သတင်းအချက်အလက် အပါအဝင် နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent