■ စစ်မှန်၍ တာဝန်ယူသော ချစ်ခြင်း

■ စစ်မှန်၍ တာဝန်ယူသော ချစ်ခြင်း
Published 22 July 2026

နန္ဒဝင်း (ဆေး-၁)

ကျွန်တော် တိရစ္ဆာန် မချစ်တတ်ပါ။ ကြောက်တတ်သည်ဟုဆိုပါလျှင် ပို၍မှန်ပါလိမ့်မည်။ ငယ်ငယ်က သူငယ်ချင်းတစ်ဦး ၎င်းရင်းနှီးသော ခွေးတစ်ကောင်နှင့် ဆော့ကစားရင်း သွားနှင့် ခြစ်မိသောကြောင့် ထိုစဉ်က ကုထုံးအတိုင်း ချက်ကိုပတ်၍ ၁၄ ရက်တိတိ ဆေးထိုးခံရသည်ကို မြင်ပြီးကတည်းက အိမ်မွေးတိရစ္ဆာန်များဖြစ်သော ခွေးကလေး ကြောင်ကလေးများ အနားကပ်လာလျှင် ကြောက်ရွံ့စိုးရိမ်စိတ်က အတော်ဖိစီးခံခဲ့ရပါသည်။ 

သို့သော် ဆရာဝန်ဘဝ အစတွင် မမျှော်လင့်ပဲ ခွေးကလေးတစ်ကောင်၏ ချစ်ခြင်းကို ရရှိခဲ့ပါသည်။ လွန်ခဲ့သော ၂၆-၂၇ နှစ် ကာလ ချမ်းအေးစိုစွတ်နေသော ချင်းတောင်တန်း၏ လမ်းမများပေါ်ဝယ် လမ်းလျှောက်သွားလာရင်း ခွေးကလေးတစ်ကောင်သည် ခွေးကြောက်တတ်သော ကျွန်တော်၏ အနားသို့ မမျှော်လင့်ပဲ ရောက်လာခဲ့ပါသည်။ အရောတဝင်နေသည်ကို မကြိုက်သော (ကြောက်သော) ကျွန်တော့်နားသို့ သူမကပ်ပါ။ အဝေးကပင် အမြှီးကလေးနှန့်၍ နေတတ်ပါသည်။ ကျွန်တော် နေထိုင်ရာနေရာ၏ အပြင်ဘက် တစ်နေရာတွင် နေကာ ကျွန်တော့်ဝန်ထမ်းတစ်ဦး စီစဉ်ပေးထားသော ပန်းကန်ပြားလေးထဲတွင် ာ သူစားတတ်ပါသည်။ ပေါင်မုန့်ဖြစ်စေ စားစရာတစ်ခုခုဖြစ်စေ ပစ်ပေးချကျွေးလိုက်လျှင် ထိုပန်းကန်ပြားလေးသို့သာ ချီ၍ သွားစားတတ်သည်။ နေ့စဉ် ကျွန်တော် မြို့ပြင်မှ စေတီလေးသို့ မနက်အစော လမ်းလျှောက် သန့်ရှင်းရေး လုပ်ကာ ဘုရားဝတ်တက်ပါလျှင် သူက ရှေ့မှပြေး၍ အဖော်လုပ်တတ်ပါသည်။ လမ်းခရီးတွင် ၎င်းတို့အိမ်ရှေ့မှ ဖြတ်တိုင်း ဟောင်တတ်သော ခပ်ဆိုးဆိုးခွေးများရှိသည့် နေရာနှစ်ခုရှိရာ ထိုနေရာများသို့သူ ကြိုရောက်တတ်ပြီး ကျွန်တော် မဖြတ်မချင်း ရပ်၍ ခြံထဲမှ ထိုးဟောင်နေသော ခွေးများကို မသိမသာ မာန်ဖီပြရင်း ဟန့်တားပေးတတ်ပါသည်။

မဖိတ်ခေါ်ပါပဲရောက်လာ၍ မခိုင်းစေပါပဲ စောင့်ရှောက်တတ်သူ သူ့ကို ကျွန်တော်တို့က သူ့အမွှေးအရောင်ကို မူတည်၍ မောင်ညိုဟုခေါ်ခဲ့ပါသည်။ မောင်ညိုသည် အတော့်ကို ဉာဏ်ရည်မြင့်သော ခွေးတစ်ကောင်ဖြစ်သည်။ သူသည် မည်သူ့ကို မည်သို့ဆက်ဆံရမည်ကို သိနေသည်။ ကျွန်တော့် ဝန်ထမ်းမိသားစုနှင့် ဖက်လဲတကင်းနေကာ ပွတ်သတ်နေသော်လည်း ကျွန်တော့်အနားသို့ တစ်ခါမှ ပွတ်သီးပွတ်သတ်မလာခဲ့ပါ။ သူ့ကို ဂရုစိုက်မှု ခံလိုပါလျှင် အဝေးမှ အသံသေးသေးလေး တအီအီပေးနေတတ်သည်။ တစ်ခါတစ်ရံ ခွေးပေါက်လေးများ သင်းကွဲခွေးများကိုလည်း အိမ်ခေါ်လာတတ်သေးသည်။ ထိုအခါ ကျွန်တော်က ၎င်း၏ စားခွက်တွင် မုန့်များ စားစရာများကို သွားချပေးလိုက်ပါက မောင်ညိုသည် သူဖိတ်ခေါ်လာသော ခွေးကလေးများကို အရင်စားစေတတ်သည်က ကျွန်တော်သူ့ကို ဘဝတွင် ချစ်ခင်မိသော အမြဲသတိရနေသည့် တစ်ခုတည်းသော ခွေးလေးတစ်ကောင်ဖြစ်စေခဲ့ခြင်း အကြောင်းရင်းတစ်ခုဖြစ်ပေသည်။ နေ့စဉ်နေထိုင်ရာ နေရာနှင့် ပေတစ်ထောင်လောက်မြင့်သော တာဝန်ထမ်းဆောင်ရာ ဆေးရုံသို့ ခြေကျင်သွားပြန်ရသော ကျွန်တော့်အတွက် မောင်ညိုသည် အလုပ်သွား အလုပ်ပြန် ကိုယ်ရံတော်လေးဖြစ်ခဲ့ရပါသည်။ 

နှစ်ကာလတစ်ခုရောက်၍ ပြည်မသို့  ကျွန်တော်ပြန်လည်ပြောင်းရွှေ့သောအခါ မောင်ညို့ကို ကျွန်တော် ထားခဲ့ရပါသည်။ ကျွန်တော်နှင့် ခွဲရမည်ကို သိသည့်အလား မောင်ညိုသည် မနီးမဝေးမှ မတိုးမကျယ် အသံရှည်ရှည်လေး လုပ်နေပါသည်။ ကျွန်တော် သိမ်းထားသော ရွှေပုစွန်ခြောက် အကောင်းကြီးများကို ထမင်းနှင့် နယ်၍ ကျွေးထားသည်ကိုပင် သူ မက်မက်စက်စက် အရင်ကလို မစားနိုင်တော့ပေ။ သူသည် ထိုစဉ်က ကျွန်တော့်ကို ခေါ်ဆောင်သွားသော ကားနောက်သို့ အကွာအဝေးတစ်ခုအထိ လိုက်လာခဲ့သည်ကို သတိရမိပါသည်။ သို့သော် ထိုလွမ်းဆွတ်စရာ သံယောဇဉ်မြင်ကွင်းသည် ပြည်မသို့ ပြန်ပြောင်းရ၍ အလွန်အမင်း ကျေနပ်ဝမ်းသာနေသော ကျွန်တော့်ကို သတိရစရာ ပြန်ပြောပြ၍ကောင်းစရာ သင်္ဂါရရသ မြင်ကွင်းတစ်ခုထက် မပိုခဲ့ပါ။ မြေပြန့်ရောက်သောအခါ ကျွန်တော်သည် ထုံးစံအတိုင်း တိရစ္ဆာန်များကို ကြောက်ဆဲ အရောမဝင်ရဲဆဲပဲ ပြန်ဖြစ်ခဲ့ရပါသည်။ သို့သော် ချင်းခွေးလေး မောင်ညိုကိုတော့ မကြာမကြာ သတိရမိပါသည်။ ချင်းတောင်မှ ပြောင်းလာသူများ ပြည်မ ခေတ္တလာသူများတွေ့လျှင် ကျွန်တော်နေခဲ့သော ပြင်ပလူနာဌာနဟောင်းမှ ခွေးကလေးမောင်ညို၏ သတင်းကို မေးမိသည်။ တစ်ခေါက်တွင် မောင်ညိုသေသွားပြီဟု သတင်းရလေသည်။ နေမကောင်း မူမမှန်၍ သတ်လိုက်သည်ဟု ပြောသူရှိသလို ဝန်ထမ်းတစ်ဦး၏ခင်ပွန်းမှ ပျော်ပွဲရွှင်ပွဲတွင် သတ်စားလိုက်သည်ဟုလည်း တိုးတိုးပြောကြသည်လည်းရှိလေသည်။ နောင်တသည် ထိုအခါမှ ကျွန်တော့်အား ဖိစီးပါတော့သည်။ ကျွန်တော့်ကို ဘေးကင်းစေခဲ့သော လုံခြုံခဲ့စေသော ဘယ်သူမှ တာဝန်မပေးပါပဲ ကျွန်တော့်ကို စောင့်ရှောက်ခဲ့သော မောင်ညိုကလေး၏ လက်ကျန်ဘဝလေးကို ကျွန်တော် လုံခြုံအေးချမ်းအောင် မဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ကျွန်တော့်၏ ၎င်းအပေါ်ရှိသော သံယောဇဉ်ကို တာဝန်ယူစိတ်မရှိသောအဖြစ်တစ်ခုအဖြစ် ကိုယ့်ကိုယ်ကို တိတ်တခိုးအပြစ်တင်မိပါတော့သည်။ ကျွန်တော်ရှိစဉ်က ခင်မင်မှုကြောင့် ကျွန်တော့် မနီးမဝေးတွင်ရှိနေသော မောင်ညိုကို ကာကွယ်ဆေးထိုးပေးခဲ့သော တိမွေးကု ဆရာဝန်မိတ်ဆွေ၊ သို့မဟုတ် ကျန်ရစ်ခဲ့သော ကျန်းမာရေးဝန်ထမ်းများကို အကူညီတောင်း၍ဖြစ်စေ လိုအပ်သော ငွေကြေးများ လွှဲပေး၍ဖြစ်စေ စဉ်ဆက်မပြတ် ကာကွယ်ဆေးထိုးခြင်း၊ သံချခြင်း စသည်တို့ကို စီစဉ်၍ ရနိုင်ပါလျက် မလုပ်မိခဲ့ခြင်းသည် ဆယ်စုနှစ်များကြာသည့်တိုင် ယနေ့အထိ ခွေးကလေးများမြင်လျှင် မောင်ညိုအတွက် တာဝန်မကျေခဲ့ခြင်းက ရင်ကို နာစေအောင် နောင်တရမိပါတော့သည်။

ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ  ၇၀၀၀၀ ခန့် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးလျက်ရှိပါသည်။ အခြားသော သွေးနွေးသတ္တဝါများထံမှလည်း ခွေးရူးပြန်ရောဂါ ကူးစက်တတ်ပါသော်လည်း ရောဂါဖြစ်သူများ၏ ၉၉ ရာခိုင်နှုန်းမှာ ခွေးမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပါသည်။ ဖြစ်ပွားမှုအများဆုံးမှာ ကျောင်းနေစအရွယ် အသက် ၅ နှစ်မှ ဆယ်ကျော်သက် ၁၄ နှစ်အရွယ် ကလေးသူငယ်များတွင် အများဆုံးဖြစ်တတ်သည်ကို သိရှိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်မှာ ၂၀၃၀ ခုနှစ်တွင် ခွေးမှတစ်ဆင့် ကူးစက်တတ်သော ခွေးရူးပြန်ရောဂါဖြင့် လူသေဆုံးမှု မရှိစေရေး  (One Health, Zero Death)ဖြစ်ပါသည်။ ထိရောက်သော ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ထိန်းချုပ်မှုနည်းလမ်း သုံးသွယ်ရှိပါသည်။ ၎င်းတို့မှာ (၁) ခွေးရူးပြန်ရောဂါနှင့် ပတ်သက်၍ အသိပညာမြှင့်တင်ခြင်း (၂) ခွေးရူးသံသယရှိသော ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်း (၃) အန္တရာယ်ရှိသော ဒေသများတွင် ခွေးများ၏ ၇၀ ရာခိုင်နှုန်းအား ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ခွေးကိုက်ခံရ၍ ဆေးရုံ ဆေးခန်း လာရောက်ပြသမှုမှာ ပျမ်းမျှ တစ်သိန်းခွဲနီးပါးရှိသည်ကို စာရင်းများအရ သိရှိရပြီး နှစ်စဉ် ပျမ်းမျှလူ ၆၀ မှ ၈၀ ဦးအထိသည်လည်း ခွေးရူးပြန်ရောဂါကြောင့်သေဆုံးခဲ့ရကြောင်း တွေ့ရှိရပါသည်။

၂၀၂၆ ဖေဖော်ဝါရီလက နေရာတစ်ခုတွင် ခွေးတစ်ကောင်မှ လူငါးဦးအား ဆက်တိုက်လိုက်ကိုက်မှု ဖြစ်ပွားခဲ့ပါသည်။ လူသုံးဦးသည် သက်ဆိုင်ရာဆေးရုံဆေးခန်းအသီးသီးသို့ သွားရောက်၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ပါသော်လည်း ကျန်နှစ်ဦးမှာ မသွားရောက်ပဲ မေ့မေ့လျော့လျော့ နေထိုင်ခဲ့ပါသည်။  ထိုသူနှစ်ဦးလုံးသည်၂၀၂၆ ဇွန်လအတွင်းတွင် တစ်ပတ်သာခြား၍ ရှေ့ဆင့်နောက်ဆင့် ခွေးရူးပြန်ရောဂါဖြင့် ပြင်းထန်စွာ ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါသည်။ 

ခွေးရူးပြန်ရောဂါသည် ကာကွယ်နိုင်ခြင်းမရှိခဲ့ပဲ ဖြစ်ပွားခဲ့ပါက ၁၀၀ ရာခိုင်နှုန်း သေဆုံးသည့်ရောဂါဆိုးတစ်ခုဖြစ်ပါသည်။ ခွေးကိုက်ခံရပါက မှန်ကန်စွာ ကာကွယ်ဆေးထိုးခြင်းသည်သာ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ကျပ် ၁၀ ဘီလျံကျော်တန်ဖိုးရှိ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် ပဋိပစ္စည်းများကို ပြည်သူ့ဆေးရုံကြီးများသို့ ဖြည့်တင်းပေးပြီး ခွေးကိုက်ခံရသူများကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပါသည်။ 

စဉ်းစားမိသည်မှာ ခွေးချစ်သူများမှ ကမကထလုပ်၍ ခွေးဟူသမျှ ခွေးရူးပြန် ရောဂါမဖြစ်စေရေး ဝိုင်းဝန်းစောင့်ရှောက်ကြမည်ဆိုလျှင် နိုင်ငံတော်၏ ထိုများပြားလှသည့် ဘဏ္ဍာငွေများသည် ဆေးရုံ ဆေးခန်းများ တည်ဆောက်ရေး၊ အခြားသော မရှိမဖြစ်ဆေးဝါးများ ဝယ်ယူရေးတို့အတွက် အကျိုးရှိစွာ သုံးစွဲနိုင်မည်ဖြစ်ပါသည်။ ကာကွယ်၍ ရသော ရောဂါတစ်ခုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း အားနည်းခြင်းကြောင့် နိုင်ငံတော် ငွေကြေးကုန်ကျနေခြင်းက နိုင်ငံသားတာဝန် ပျက်ကွက်မှုဟု ရှက်ရွံ့စွာ ခံယူမိပါသည်။

ကျွန်တော်တို့ မိတ်ဆွေအများစုသည် စေတနာကြောင့်ဖြစ်စေ အယူအဆယုံကြည်မှုကြောင့်ဖြစ်စေ (တနင်္လာနံ- ငွေနံ ဖြစ်သော ခွေး၊ ကျီး၊ ခို၊ ငါးတို့ကို အစာကျွေးလျှင် ငွေရသည်ဟူသော ယူဆချက်) လမ်းဘေးခွေးများကို အစာကျွေးတတ်ကြပါသည်။ သို့သော် စနစ်တကျ သတ်သတ်မှတ်မှတ် ကျကျနန ကျွေးတတ်သူများထက် ကြုံရာနေရာတွင် စားကြွင်းစားကျန်များအား ကြွတ်ကြွတ်အိတ်ထုပ်များဖြင့်ထည့်ကာ ပစ်ကျွေးတတ်ကြသည်က များပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ညစ်နွမ်းစေရုံသာမက ခွေးအချင်းချင်း ကိုက်ခဲရန်ဆောင်ခြင်း ပတ်ဝန်းကျင်ရှိ  ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများကိုပါ ရန်ပြုခံရခြင်း စသော ပြဿနာတို့ ကြုံရတတ်ပါသည်။ ထို့အတူပင် ဘုန်းတော်ကြီးကျောင်းများ ဈေးများ စားသောက်ဆိုင်များ အများနှင့်သက်ဆိုင်သော နေရာများတွင် ခွေးများကို စနစ်တကျ သတ်သတ်မှတ်မှတ် အစာကျွေးသောနေရာ သတ်မှတ်ခြင်း သို့မဟုတ် အစာကျွေးမှု ကန့်သတ်ခြင်း တားမြစ်ခြင်းတို့ကို ပြုလုပ်ထားသင့်ပြီး အများပြည်သူနှင့် ချစ်သောတိရစ္ဆာန်လေးများကို မလိုအပ်ပဲထိတွေ့ ပဋိပက္ခမဖြစ်စေရန် ဆောင်ရွက်သင့်ပါသည်။

ကျွန်တော်တို့သည် တိရစ္ဆာန်ကလေးများ ခွေးကလေးများကို အမှန်တကယ်ချစ်ခင်သည်ဆိုပါလျှင် တာဝန်ယူသော ချစ်ခြင်း (Responsible ownership) အားဖြင့် သက်သေပြရပေမည်။ မိမိချစ်ရရင်ပြီးရော အများပြည်သူ ဘာဖြစ်ဖြစ်ဆိုသည့်သဘောမျိုး သက်ရောက်သွားသော စည်းကမ်းမဲ့ပစ်ကျွေးတတ်ခြင်း၊  မိမိအိမ်မှ ကြွင်းကျန်သော အစာကို ပုံမှန်လမ်းပေါ် ထွက်ကျွေးတတ်ခြင်းသည် စစ်မှန်သောချစ်ခြင်း မဟုတ်ပါဟု ကျွန်တော် ယူဆလက်ခံမိပါသည်။ အမှန်တကယ် ချစ်တတ်သူများသည် ခွေးများကို ဥပဒေနှင့်အညီ မှတ်ပုံတင် မွေးမြူကြရပါမည်။ အိမ်မွေးခွေးတိုင်း မှတ်ပုံတင်ရန် လိုသကဲ့သို့ လမ် ဘေးခွေးများကို ချစ်မြတ်နိုးပါသည် (တိကလေးတွေ သနားပါတယ်ချစ်လိုက်တာ) ဆိုပါလျှင် စနစ်တကျ အုပ်စုခွဲကာ မှတ်ပုံတင်ပေးသင့်ပါသည်။ မိမိတို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ မြို့နယ်တိမွေးကုအဖွဲ့များနှင့် ချိတ်ဆက်၍ တစ်နှစ် တစ်ခါ စနစ်တကျ မှတ်ပုံတင်ပြီး ကာကွယ်ဆေးကို တစ်ပါတည်း ထိုးနှံပေးကြရပါမည်။ ခွေးကောင်ရေ နည်းမှန်လမ်းမှန် ရှိရေးအတွက် ခွေးမျိုးပွားမှု ထိန်းချုပ်ခြင်းကို ပူးပေါင်းဆောင်ရွက်ပေးသင့်ပါသည်။ကျွန်တော့်အယူအဆအရ တင်ပြရလျှင် တိုးတက်သော လူ့အသိုက်အဝန်းတစ်ခုအတွက် ခွေးလေခွေးလွင့်ဟူသည် မရှိအပ်သော စကားလုံးတစ်ခုဖြစ်ပါသည်။ အိမ်ထဲခြံထဲမွေးသော အိမ်မွေးခွေးတိုင်း မဖြစ်မနေ မှတ်ပုံတင်ခြင်းကို ပုံမှန်လုပ်ရမည်ဖြစ်သလို လမ်းဘေးခွေးများ (ဝါ) ရပ်ကွက်ခွေးများ ထားလိုပါလျှင်လည်း ချစ်တတ်သူများက စုပေါင်း၍ မှတ်ပုံတင်ပေးခြင်းကို ပုံမှန်လုပ်ပေးသင့်ပါသည်။ ဤသို့ မဟုတ်ပါက ခွေးလေခွေးလွင့်များ ဆိုးရွားစွာ အန္တရာယ်ပြုသော အခြေအနေတစ်ရပ်ရှိလာပါက လူနှင့် ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု ဆိုးကျိုးများ ဖြစ်ပေါ်မလာစေရန် ဥပဒေအရ သက်ဆိုင်ရာအဖွဲ့အစည်းများက မလွှဲမရှောင်သာ ဆောင်ရွက်ကြရပါတော့သည်။ တင်ပြရလျှင် ခွေးလေခွေးလွင့်များသည် လူနှင့် လူပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်လာပြီဆိုပါက လမ်းစဉ်နှစ်ရပ်ရှိပါသည်။ နားလည်လွယ်အောင် ဆိုရပါလျှင် ရှင်းမလား ရွှေ့မလားပင်ဖြစ်သည်။ ရှင်းမည်ဆိုလျှင် သက်ဆိုင်ရာဒေသအာဏာပိုင်မှ တရားဝင် တောင်းဆိုရပါမည်။ လိုအပ်ပါက သက်ဆိုင်ရာဌာနသို့ ကျသင့်ငွေကို မျှခံပေးရပါသည်။ 

ရွှေ့မည်ဆိုပါက မေ့ဆေးမှုတ်ပြောင်းဖြင့် လာရောက်ဖမ်းဆီးကာ ရွှေ့ပြောင်းလိုသော ခွေးဂေဟာများသို့ ပို့ဆောင်ပေးကြပါသည်။ မိမိတို့ ပို့လွှတ်လိုက်သောခွေးများ အသက်ရှင်နေထိုင်သရွေ့ နေ့စဉ်ကုန်ကျစရိတ်အား ရွှေ့ပြောင်းလိုသူ ပြည်သူလူထုမှ ကျခံရပါလိမ့်မည်။ 

အကောင်းဆုံးသောနည်းလမ်းမှာ ပြည်သူလူထု တာဝန်ယူသော မွေးမြူခြင်း ( Community responsible ownership) ပင် ဖြစ်ပါသည်။ မိမိတို့ချစ်သော တိလေးများကို အိမ်ခြံထဲတွင် မွေးမွေး လမ်းမပေါ်တွင် မွေးမွေး (၁) မှတ်ပုံတင်ပေးထားရန်လိုပါသည်။ (မှတ်ပုံတင်ပြီးသည်နှင့် လည်ပတ်ပတ်ခြင်း ကာကွယ်ဆေးထိုးခြင်းတို့ တစ်ပါတည်းရရှိပြီးဖြစ်ပါလိမ့်မည်။)  (၂) ခွေးကောင်ရေ ရှိသင့်သည်ထက် မများစေရန် ဆောင်ရွက်ရပါမည်။ (အထီးခွေးနှင့် အမခွေးများကို မျိုးပွားမှု ထိန်းချုပ်ခြင်း) (၃) တာဝန်ယူကျွေးမွေးခြင်း (သတ်မှတ်နေရာများတွင်သာ ကျွေးမွေးခြင်း၊ စုပေါင်းကျွေးခြင်းထက် အစာခွက်၊ နေရာ ခွဲခြားကျွေးမွေးခြင်း) (၄) ပတ်ဝန်းကျင်သန့်ရှင်းခြင်း (အမှိုက်ပုံမှန်သမျှ ခွေးမလာနိုင်စေရန် စနစ်တကျ အဖုံးပါပုံးများ သုံးစွဲခြင်း (၅) ခွေးကိုက်မှုဖြစ်စဉ်တိုင်းကို သတင်းပို့ရန်နှင့် ဖျားနာသော ရန်လိုသော ခွေးများကို တွေ့ရှိရပါက အချိန်မီ သတင်းပို့ခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

လူသားတို့၏ ကျန်းမာရေး၊ တိရစ္ဆာန်ကလေးများ၏ ကျန်းမာရေး၊ ပတ်ဝန်းကျင်ကျန်းမာရေးတို့ကို ပူးပေါင်းဆောင်ရွက်ခြင်းသည် ကျန်းမာပျော်ရွှင်သော ရပ်ရွာအသိုက်အဝန်းကို ရရှိစေပါသည်။ အဆိုပါ ဆောင်ရွက်ခြင်းကို တစ်ခုတည်းသော ကျန်းမာရေးအတွက် ဆောင်ရွက်မှု One Health Approach ဟု ခေါ်ပါသည်။ စစ်မှန်၍ တာဝန်ယူသော ချစ်ခြင်းအားဖြင့် ကျန်းမာပျော်ရွှင်သော ရပ်ရွာအသိုက်အဝန်းကို တည်ဆောက်ကြပါစို့။

 

Most Read

Most Recent