ကော့သောင်းမြို့တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ဓာတုဆေးရည်များနှင့် ကုန်စည်တချို့ကို ဝင် ရောက်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
မြန်မာထိုင်း နယ်စပ်ဖြစ်သည့် ကာ့သောင်းမြို့တွင် အခွန်ရှောင်ပစ္စည်းများ၊ အန္တရာယ်ရှိသော ကြီးကြပ်ကန့်သတ်ပစ္စည်းများကို ကုန်သည်ပွဲစားများမှ အိမ်ဝင်း၊ ဂိုဒေါင်များတွင် သိုလှောင်ထားခြင်းမပြုတော့ဘဲ အခြားသူပိုင် နေအိမ်များကို ငှားရမ်းအသုံးပြုလာကြကြောင်း စုံစမ်းသိရှိရသည့်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ဇူလိုင်လ ဒုတိယအပတ်မှ စတင်ရှာဖွေမှုများ လုပ်ဆောင်လာရကြောင်း သိရသည်။
ရပ်ကွက်အတွင်း လူနေထိုင်ခြင်းမရှိဘဲ အမြဲသော့ခတ်ထားသော နေအိမ်များကို သင်္ကာမကင်း၍လည်းကောင်း၊ သတင်းအရသော်လည်းကောင်း "တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့" က သက်သေအဖြစ် ရပ်မိ ရပ်ဖများနှင့်အတူ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိရာ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပေါ်ဦးအထက်လမ်းရှိ ဦးဗေဒါ ပိုင်၊ အမှတ် ၂၄၆၇ (လူမနေသော) နှစ်ထပ်တိုက်အိမ်အား "တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့" က သက်သေများနှင့်အတူ ဖွင့်ဖျက်ရှာဖွေရာ SYNTHOMER REVERTEX MALAYSIA မလေးရှားနိုင်ငံမှ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံ DKSH Perfor mance Material မှ ဖြန့်ဖြူးသော Polymer ဓာတုဆေးရည်များ ပါဝင်သော ပေပါ (၈၂) လုံး၊တစ်ပါကင်တွင် အထုပ်ငယ် ၃၀၀ ပါဝင်သော ကွမ်းစားဆေးပါကင်များကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အဆိုပါဓာတုဆေးရည်များမှာ မီးလောင်လွယ်ခြင်း၊ ရှူမိလျှင် အဆိပ်သင့်ခြင်း၊ အရေပြား မွှေးညှင်းတို့နှင့် ထိတွေ့မိပါက လောင်တတ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း အဆင့်မြင့်သုတ်ဆေးများ၊ ကွန်ကရစ်ကို ရေလုံစေရန် အသုံးပြုခြင်း၊ ရော်ဘာ၊ ပလပ်စတစ်များ ထုတ်လုပ်ရာတွင် အသုံးပြုခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ရှေ့ပြေးဓာတုပစ္စည်း( Precursor Chemical) အဖြစ်လည်း အသုံးပြုနိုင်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။















