■ မြန်မာနှင့် တရုတ် လူငယ်များအကြား ချစ်ကြည်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် MCFA နှင့် MYDA တို့ မန္တလေး၌ MOU လက်မှတ်ရေးထိုး

■ မြန်မာနှင့် တရုတ် လူငယ်များအကြား ချစ်ကြည်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် MCFA နှင့် MYDA တို့ မန္တလေး၌ MOU လက်မှတ်ရေးထိုး
Published 22 July 2026

မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း - MCFA (ဗဟို) ၊ ရုံးခွဲ (မန္တလေး) နှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း - MYDA (ဗဟို) ၊ ရုံးခွဲ (မန္တလေး) တို့၏ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီ အချိန်က မန္တလေးမြို့ ကမ်းနားလမ်းနှင့် (၃၁ - ဘီ) လမ်းထောင့်ရှိ ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း MCFA (ဗဟို)၊ ရုံးခွဲ (မန္တလေး) တာဝန်ခံ ဦးကျော်မင်းက အမှာစကား ပြောကြားခဲ့ပြီး အသင်း၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊  ဆက်လက်၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) (ဗဟို)၊ ရုံးခွဲ (မန္တလေး) တာဝန်ခံ ဦးဟန်ထွန်းဦးက မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဖွဲ့စည်းပေါ်ပေါက်လာပုံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အသင်းကြီး ဖွဲ့စည်းတည်ထောင်ခွင့် မှတ်ပုံတင်ရရှိခဲ့ပုံ၊ MYDA အသင်းကြီး၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကူညီပါဝင်ဆောင်ရွက်နေမှုများနှင့် မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်ခဲ့သည်များနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် နှစ်ဖက်အသင်း၏ နားလည်မှုစာချွန်လွှာကို အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ 

 နားလည်မှုစာချွန်လွှာတွင် မြန်မာနှင့် တရုတ် လူငယ်များအကြား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ပူးပေါင်းကျင်းပခြင်း၊ လူငယ်များအတွက် Leadership Development, Capacity Building, Civic Engagement နှင့် Personal Development ဆိုင်ရာ သင်တန်းများ၊ Workshop များ ၊ Seminar များ၊ Forum များနှင့် Conference များ ပူးပေါင်းကျင်းပခြင်း၊ ပညာရေး၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ နည်းပညာနှင့် Digital စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာမျှဝေရေး အစီအစဉ်များ ပူးပေါင်းဆောင်ရွက်ခြင်း။ လူငယ် Volunteer  Program များ ၊ Community Service Activities များ၊ မြန်မာနှင့် တရုတ် လူငယ်များအကြား ချစ်ကြည်ရေး၊ စီးပွားရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ပေးနိုင်မည့် သုတေသနလုပ်ငန်းများနှင့် လူမှုအကျိုးပြု စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း။ နှစ်ဖက်သဘောတူညီသည့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်အချက်များ ပါဝင်ကြောင်း သိရသည်။

MOU လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း - MYDA (ဗဟို) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊ (ဗဟို) အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေ ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၏ မန္တလေးတိုင်းဒေသကြီး ရုံးခွဲတာဝန်ခံ၊ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ထွန်းဦး၊ တိုင်းဒေသကြီးအလုပ်အမှုဆောင်  ဦးသာပြည့်ထွန်း၊ ဒေါ်သန္တာမြင့်နှင့် အလုပ်အမှုဆောင်များ၊ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)၊ ရုံးခွဲ (မန္တလေး) တာဝန်ခံ ဦးကျော်မင်းနှင့် အလုပ်အမှုဆောင်များ၊ KBZ Bank ၊ CB Bank ၊ AYA Bank များမှ တာဝန်ရှိသူများ ၊ MCFA အသင်း၏ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ မန္တလေးမြို့ရှိ ယူနန်၊ ကွမ်းတုံ၊ ဖူးကျင့်နှင့် ဘုံကျောင်းအသီးသီးမှ လူကြီးမင်းများ၊ ကြင်းတော်ယန် အမျိုးသမီးပရဟိတအဖွဲ့မှ အဖွဲ့ဝင်များ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်း‌ဒေသကြီးညွှန်ကြားရေးမှူး ဦးဆန်းထွဋ်ကို၊အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပန်းချီဌာနမှ ပါမောက္ခဌာနမှူး  ဆရာမကြီး ဒေါ်စန္ဒာဝင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)၊ ရုံးခွဲ (မန္တလေး) မှ တာဝန်ရှိသူများက နိုဝင်ဘာ ၁ ရက် ၂ ရက် ၃ ရက်နေ့များတွင် ကျင်းပပြုလုပ်မည့် ဧရာဝတီ-ယန်ဇီ ရိုးရာယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ၂၀၂၆ အား ကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent