■ မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီးနား မီးရထားလမ်းခရီးစဉ် ပြန်လည်ပြေးဆွဲခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် လိုက်ပါစီးနင်းကာ လမ်းတစ်လျှောက် ဒေသခံများနှင့် တွေ့ဆုံ

■ မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီးနား မီးရထားလမ်းခရီးစဉ် ပြန်လည်ပြေးဆွဲခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် လိုက်ပါစီးနင်းကာ လမ်းတစ်လျှောက် ဒေသခံများနှင့် တွေ့ဆုံ
Published 22 July 2026

နိုင်ငံရေးအခြေအနေများကြောင့် ၅ နှစ်ကျော်ကြာ ရထားပြေးဆွဲနိုင်ခြင်းမရှိသည့် မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် မီးရထား အစုန်-အဆန် ခရီးစဉ် ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနား-မိုးညှင်း (အစုန်) ခရီးစဉ် စတင်ပြေးဆွဲ၍ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနား-မိုးညှင်း အမှတ် (၄၉) အဆန်နှင့် အမှတ် (၅၀) အစုန် ရထားခရီးစဉ်သည် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း လမ်းပိုင်းရှိ ရထားလမ်းခရီးတစ်လျှောက် ဒေသခံပြည်သူများ၏ ကြုံတွေ့နေရသော သွားလာရေးအခက်အခဲများ လျှော့ချပေးနိုင်ပြီး ဒေသတွင်း ခရီးသွားလာမှုနှင့် ကုန်စည်များကိုလည်း လွယ်ကူစွာ သယ်ယူပို့ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာ့မီးရထားတို့မှ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ခရီးသွားပြည်သူများအနေဖြင့် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမည်ဖြစ်သကဲ့သို့ ရထားလမ်းမကြီးနှင့် ရထားတွဲဆိုင်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း အမှတ်- ၅၀ (အစုန်) ခရီးစဉ် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီးနောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ရထားစီးနင်းလိုက်ပါ၍ လမ်းကြောင်းတစ်လျှောက်ရှိ ဘူတာအသီးသီးသို့ ဝင်ရောက်ခဲ့ရာ ခရီးစဉ်တစ်လျှောက် ဘူတာများတွင် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ကြိုဆိုခဲ့ကြကြောင်းသိရသည်။

ခရီးစဉ်တစ်လျှောက် ကြားဘူတာများသို့ ဝင်ရောက်စဉ် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရထားစီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ ဒေသခံများ၏ ကုန်စည်စီးဆင်းမှုနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးသွားပြည်သူများ ရေရှည်ဘေးကင်းကျန်းမာစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ယခုပြေးဆွဲသည့် ရထားသည် အဆင့်မြင့်ရထားတွဲဆိုင်းများဖြစ်ပြီး ပြည်သူများ သက်တောင့်သက်သာ စီးနင်းနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီးနား မီးရထားလမ်း ပြန်လည်ပြေးဆွဲသည့်အခြေအနေနှင့်ပတ်သက်ပြီး “မရှက်တမ်းပြောရရင် ဝမ်းနည်းဝမ်းသားကြီး ခံစားရတဲ့အဖြစ်မျိုးပဲ။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံရေးကြီးနဲ့ ကိုယ့်သားသမီးတစ်သက်တောင် ဒါတွေ မြင်နိုင်မှာမဟုတ်တော့ဘူးလို့ တွေးမိထားလို့၊ ခုလိုမြင်ရပြန်တော့ မျက်ရည်ဝိုင်းသွားရတယ်၊ ဝမ်းသာပါတယ်၊ ပြည်သူတွေအရမ်းမျှော်လင့်နေတဲ့ရထားပါ၊ မမနဲ့ ပြည်နယ်တာဝန်ရှိလူကြီးတွေကိုဂုဏ်ပြုပါတယ်၊ အဖျက်သမားတွေလည်း သံလမ်းနဲ့ ဘူတာရုံများကိုလည်း မဖျက်ဆီးကြဖို့ တောင်းပန်ပါတယ်”ဟု ဟိုပင်ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မီးရထားလမ်းအရှည် မိုင် ၉၀ ကျော် ကွာဝေးသည့် မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီးနား မီးရထားလမ်းပိုင်း ပြန်လည်ပြေးဆွဲခြင်းအား နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ လမ်းပိုင်းတွင် အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနား လူစီးရထားနှင့် အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်း လူစီးရထားခရီးစဉ်တို့အား ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနား လူစီးရထားသည် မိုးညှင်းဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်တွင်လည်းကောင်း၊ အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်း လူစီးရထားသည် မြစ်ကြီးနားဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မိုးညှင်းဘူတာသို့ နေ့လယ် ၁ နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစ/အဆုံးအတွက် အထက်တန်း ၂၅၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၁၅၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တစ်လျှောက် ဘူတာစဉ် ရပ်တန့်ပေးမည်ဖြစ်ပြီး လက်မှတ်များကို သက်ဆိုင်ရာဘူတာများတွင် အထက်တန်း (၃) ရက်နှင့် ရိုးရိုးတန်းအတွက် (၁) ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား မီးရထားလမ်းပိုင်းသည် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အပြင် ကချင်ပြည်နယ်အတွင်း မြို့နယ်များအကြား ဒေသခံများ ကုန်ကျစရိတ် သက်သာစွာဖြင့် သွားလာနိုင်ရေးနှင့် စိုက်ပျိုးရေး/ဒေသထွက်ကုန်များကို ဈေးကွက်သို့ ပို့ဆောင်ရာတွင် အဓိက အားထားရသော ရထားလမ်းဖြစ်ပြီး မိုးရာသီကာလ ကားလမ်းများ သွားလာရခက်ခဲချိန်များတွင် ရထားလမ်းသည် ဒေသခံများအတွက် လုံခြုံစိတ်ချရသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent