အဂတိလိုက်စားမှုသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အဟန့်အတားဖြစ်စေနိုင်သည့် ကပ်ရောဂါဆိုးတစ်ခုဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအခမ်းအနား အဖွင့်အမှာစကား ပြောကြားရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ခေတ္တညွှန်ကြားရေးမှူးချုပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များနှင့် ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေတို့မှ ဝန်ထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဝန်ထမ်းတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကား ပြောကြားရာ၌ အဂတိလိုက်စားမှုသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာတစ်ခုအဖြစ် ရှိနေသည်ကို တွေ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အဟန့်အတားဖြစ်စေနိုင်သည့် ကပ်ရောဂါဆိုးတစ်ခု ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်းလာသကဲ့သို့ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း နောက်ကျစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းအခြေအနေတွင် ပြည်သူလူထုအနေဖြင့် ဝန်ထမ်းများအပေါ် ယုံကြည်မှုလျော့ကျစေသည့်အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုတို့ကိုပါ ယိုယွင်းပျက်စီးစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင်၊ မိမိအသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် ဝန်ထမ်းတိုင်းက အသိတရားရှိရှိဖြင့် သတိတရားနှင့် ရှောင်ကြဉ်ကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ဌာနဖြစ်သည်နှင့်အညီ ပြည်သူကို ထိရောက်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် အဂတိတရားကင်းရှင်းရန် အရေးကြီးကြောင်း၊ ပြည်သူကို ကြည်သာရွှင်ပြစွာဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး ဌာန၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဂတိတရားကင်းကင်းဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) ကို ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိပြီး အများပြည်သူထံမှ တုံ့ပြန်မှုရယူသည့် အစီအစဉ်ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ပြည်သူများ အလွယ်တကူ တိုင်ကြားနိုင်ရန် ဝန်ကြီးဌာန၏ မြို့နယ်ရုံးများ၌ အကြံပြုတိုင်ကြားစာ စာတိုက်ပုံးများ ထားရှိခြင်းတို့ ဆောင်ရွက်ကာ တိုင်ကြားပေးပို့လာမှုအပေါ် စိစစ်အရေးယူဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ အသိပညာပေး ရှင်းလင်းဆွေးနွေးမှုများကို သေသေချာချာ လေ့လာမှတ်သားပြီး မရှင်းလင်းသည့် အချက်များရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြရန်လိုကြောင်း၊ ယခု ရှင်းလင်းဆွေးနွေးပွဲမှရရှိမည့် အသိအမြင် ဗဟုသုတများကို မိမိကိုယ်တိုင် သိရှိနားလည်သကဲ့သို့ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အစိုးရဌာန အသီးသီးမှ ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသည့် ရာထူးနှင့် လုပ်ပိုင်ခွင့်များကို သုံး၍ အများပြည်သူအကျိုးကို ဖော်ဆောင်ရာတွင် အများအကျိုးထက် ကိုယ့်အကျိုးအတွက် အလေးပေးဆုံးဖြတ်ဆောင်ရွက်ပါက အဂတိလိုက်စားမှုမြောက်ကြောင်း ပြောကြားသည်။
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သို့မှသာ အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများကို အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများ၏ သိရှိလို၍ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။















