ကရင်ပြည်နယ်၊မြဝတီ မြို့ ၊ခရိုင်ပြည်သူ့ ဆေးရုံ ကြီးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးပြီး လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး)သင်တန်းကို ဇူလိုင်လ ၁၇ ရက်နေ့က စတင်ကျင်းပလျှက်ရှိရာ ဇူလိုင်လ ၃၀ ရက်နေ့ထိ ရက်သတ္တပတ်(၂) ပတ်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ထဲမှ ကျန်းမာရေးဌာန၏ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး လူထုအကြား ကျန်းမာရေးနှင့် ပတ်သက်၍ အသိပညာများ ပြန့်ပွားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းပေးရခြင်းဖြစ်ကြောင်း မြဝတီမြို့နယ် ကျန်းမာရေးမှုး ဒေါ်စမ်းစမ်းထွေးက ပြောသည်။
“ကျန်းမာရေးဌာန ဦးစီးပြီးတစ်နိုင်ငံလုံး တပြိုင်တည်း လုပ်တာပါ၊ဌာနအသးသီးက ကျန်းမာရေးလုပ်သားတွေကို ဆင့်ပွား ပို့ချပေးတာပေါ၊ခုတက်ရောက်လာတဲ့သူတွေ ဘယ်ရောဂါဘယ်လို၊ဘာကြောင့်ဖြစ်တယ်၊ဘယ်လိုကာကွယ်ရမယ်ဆိုတာသိသွားရင်း အများကြီးအသိ ပညာတွေ ပြန့်ပွားသွားမှာပါ။လာမယ့်ဇူလိုင်လ ၃၀ ရက်နေ့ထိ ပို့ချပေးသွားမှာ ဖြစ်ပါတယ်"ဟု မြဝတီမြို့နယ် ကျန်းမာရေးမှူးဒေါ်စမ်းစမ်းထွေးက ပြောသည်။
အဆိုပါသင်တန်းသို့ မြဝတီခရိုင်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများမှ သင်တန်းသား/သင်တန်းသူ (၂၆ ) ဦး တက်ရောက်လျှက်ရှိသည်။သင်တန်းကာလမှာ (၁၄)ရက် ဖြစ်ပြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက သင်ကြားပို့ချပေးသွားမည်ဟုသိရသည်။
အဓိကအားဖြင့် လူထုကြား၌ ကူးစက်ပျံ့နှံ့တတ်သော သွေးလွန်တုပ်ကွေးရောဂါ ၊ HIV ရောဂါပိုးနှင့် ပတ်သက်သည့် သိကောင်းစရာအကြောင်းအရာများနှင့် လူထုအကြားအဖြစ်များသည့် ကူးစက်ရောဂါနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို သင်ကြားပို့ချသွားမည်ဟု သိရသည်။
ယခု ပို့ချပေးလျက်ရှိသော သင်တန်းကာလ ပြီးဆုံးပါက အရပ်ဘက်အဖွဲ့အစည်းများ၊သင်တန်းတက်ရောက်သူများ အနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်မှုကိုခံယူကာ သင်းတန်းမှပို့ချလိုက်သည့် ကျန်းမာရေး အသိပညာများကို လူထုအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆက်လက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း မြဝတီမြို့နယ် ကျန်းမာရေးမှူး ဒေါ်စမ်းစမ်းထွေးး က ပြောသည်။















