ဥရောပသမဂ္ဂ (EU) နှင့် ဗြိတိန်နိုင်ငံတို့သည် ဥရောပအတွင်း ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ဇူလိုင် ၁၃ ရက်တွင် ချမှတ်ခဲ့ပြီး ရုရှား၏ FSB ထောက်လှမ်းရေး အေဂျင်စီမှာ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခဲ့ကြသည်။
ယူကရိန်းစစ်ပွဲ လေးနှစ်ကျော်ကာလအတွင်း ရုရှားအနေဖြင့် ဥရောပကို မတည်မငြိမ် ဖြစ်စေရန် ၎င်း၏ သမားရိုးကျစစ်တပ်နှင့် နည်းပညာစစ်ဆင်ရေးတို့ ပူးပေါင်းလုပ်ဆောင်သည့် နှစ်မျိုးစပ်စစ်ဆင်ရေး လှုပ်ရှားမှုများကို ပိုမိုမြှင့်တင်လုပ်ဆောင်လာကြောင်း အနောက်နိုင်ငံအရာရှိများက သတိပေးပြော ကြားနေချိန်တွင် ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဥရောပသမဂ္ဂက လူပုဂ္ဂိုလ်ကိုးဦးနှင့် အဖွဲ့အစည်း လေးခုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း ပြောကြားခဲ့ပြီး ဗြိတိန်ကမူ ၎င်းတို့၏ အမည်ပျက်စာရင်းတွင် အမည်ပေါင်း ၂၄ ခု ထပ်မံဖြည့်စွက်လိုက်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်အစိုးရက ယခုပိတ်ဆို့အရေးယူမှုများသည် EU နှင့် ပထမဆုံးအကြိမ် ပူးပေါင်းလုပ်ဆောင်သည့် ဆိုက်ဘာဆိုင်ရာ ပိတ်ဆို့မှုဖြစ်ပြီး ဥရောပတစ်လွှားတွင် ပရမ်းပတာဖြစ်စေရန်နှင့် သွေးကွဲအောင် လုပ်ဆောင်နေသည့် ရုရှား၏ ကြိုးပမ်းမှုများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပိုင်ဆိုင်မှုများ ပိတ်သိမ်းခြင်းနှင့် ဗီဇာပိတ်ပင်ခြင်း ခံရသူများအနက် ရုရှား FSB စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီမှ အရာရှိများနှင့် ရုရှားအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု စွပ်စွဲခံထားရသော ဆိုက်ဘာရာဇဝတ်ကောင်များ ပါဝင်သည်ဟု ဆိုသည်။
ထိုပြင် မကြာသေးမီက ပိုလန်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားလိုင်းအပါအဝင် အရေးကြီးသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ ဆိုက်ဘာတိုက်ခိုက်ရန် ကြိုးပမ်းမှုသည် FSB ၏ Center 16 ထောက်လှမ်းရေးဗဟိုဌာနမှ ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများစွာထဲမှ နောက်ဆုံးတစ်ခုဖြစ်ကြောင်း EU နှင့် ဗြိတိန်တို့က ပြောကြားခဲ့သည်။
“ဒီလို မဆင်မခြင် တိုက်ခိုက်မှုဟာ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အောင်မြင်ခဲ့ရင် ဆောင်းတွင်းအေးလှတဲ့ အချိန်ကာလကြီးမှာ ပြည်သူ ၅၀၀၀၀၀ လောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ကြုံတွေ့ရစေနိုင်ပါတယ်။ ဒါဟာဥရောပတစ်လွှားမှာ ပရမ်းပတာဖြစ်အောင် ဖန်တီးဖို့ ရုရှားရဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref;AFP















