ပြည်ထောင်စုအတွင်း ပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ထုတ်ပြန်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ ၂၀၂၆ ခုနှစ် ပထမခြောက်လပတ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် ၅ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ၂၀၂၆ ခုနှစ် ပထမခြောက်လပတ်အတွင်း ပါတီလုပ်ငန်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေးဆိင်ရာ အစရှိသည့် အခြေအနေများနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးသုံးသပ်ပြီးနောက် ရှေ့လုပ်ငန်းစဉ်များ အထူးပြုဆုံးဖြတ်ချမှတ်ရာတွင် ယင်းအချက်ကို ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်သွားရန်၊ နယ်မြေအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် ဆက်စပ်ရာဇဝတ်မှုများ မရှိစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့လုံခြုံမှုရှိစေရေးတို့အတွက် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့နှင့် ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်း ပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာရန် စသည့် အချက်များ အပါအဝင် အချက်ငါးချက်ကို SSPP အနေဖြင့် အထူးပြုဆုံးဖြတ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဦးဆောင်သဘာပတိအဖြစ် ဗိုလ်ချုပ်ကြီးဆေထင်က ဆောင်ရွက်ခဲ့ပြီး ဥက္ကဋ္ဌ စဝ်ပန်ဖ ဦးဆောင်သော ဗဟိုကော်မတီဝင် ၂၄ ဦး၊ အရံဗဟိုကော်မတီဝင် ခုနစ်ဦး၊ ဗဟိုဌာနကြီးမှူးများ ၂၉ ဦး၊ တပ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ၁၈၀၊ အုပ်ချုပ်ရေးဆိုင်ရာ ကိုယ်စားလှယ် ၈၆ ဦး၊ ဖိတ်ကြားသင့်သူ ငါးဦး၊ ဗဟိုမှတ်တမ်းရုံးအဖွဲ့ ခုနစ်ဦး စုစုပေါင်း ၃၃၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။















