မြန်မာ-ထိုင်း နယ်စပ်စည်းခြား သောင်ရင်းမြစ်ရေသည် ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက် ၆းဝ၀ နာရီအချိန်တိုင်းထာချက်အရ မြဝတီမြို့၏ စိုးရိမ်အမှတ်သို့ ရောက်ရှိရန် လိုသေးသော်လည်း လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထက် ၉၅ စင်တီမီတာထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။
မြဝတီမြို့တောင်ဘက် ဒေါနတောင်တန်း ခြေရင်း၌ မြစ်ဖျားခံရာ ဂေါလီချောင်းနှင့်ဝါလေ ချောင်းဖျားတွင် ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် သောင်ရင်းမြစ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားလာနိုင်သည်ဟု ဆိုသည်။
မြဝတီမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းလျှက်ရှိပြီး (ဇူလိုင်လ ၁၂ ရက်) နေ့လယ် ၁၂:၀၀ နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော (၉၆၃) စင်တီမီတာ သို့ စတင်ရောက်ရှိ ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်း ယနေ့တိုင်းထွာရရှိချက်အရ မိုးရေချိန် (၀.၃၂) လက်မရှိခဲ့ပြီး မြစ်ရေမှာ ဆက်လက် တိုးပွားလာမည့် အခြေအနေတွင် ရှိနေသည့်အတွက် သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်နှင့် မြေနိမ့်ပိုင်း ရပ်ကွက်များတွင် နေထိုသူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို ကြိုတင်သတိပြုကြရန်နှင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများနှင့် ရွှေ့ပြောင်းလွယ်သော ပစ္စည်းများကို ဘေးလွတ်ရာသို့ ကြိုတင်ပြင်ဆင် ရွှေ့ပြောင်းကြရန် နှိုးဆော်ထားသည်။
ဒေါနတောင်တန်းတလျှောက် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြဝတီမြို့တွင် ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်ပွားလျှက်ရှိပြီး ယခုနှစ်တွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အစီအမံအနေဖြင့် ကယ်ဆယ်ရေး စင်တာများနှင့် ရေဘေးရှောင်စခန်း ၁၁ ခုထိ ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန်စီစဉ်ထားရှိကြောင်းလည်း သိရသည်။















