စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းမှ ဓါတ်ဆီဈေးနှုန်း ထပ်ကျသော်လည်း ဒီဇယ်ဆီဈေးနှုန်း ပြန်လည်မြင့်တက်

စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းမှ ဓါတ်ဆီဈေးနှုန်း ထပ်ကျသော်လည်း ဒီဇယ်ဆီဈေးနှုန်း ပြန်လည်မြင့်တက်
Published 12 July 2026

ပြီးခဲ့သည့် ဇူလိုင်လ (၁၀) ရက်နေ့က စက်သုံးဆီတင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းမှာ ဓါတ်ဆီဈေးနှုန်းထပ်ကျသော်လည်း ဒီဇယ်ဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ပြီး အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများထက် စက်သုံးဆီဈေးနှုန်း ပိုများနေဆဲဖြစ်ကြောင်း သိရသည်။

စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓါတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ (၃၄၈၀) ကျပ်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် (၅) ကျပ် လျော့ကျခဲ့ကာ၊ မွန်ပြည်နယ်၏ ဓါတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းမှာ (၃၅၄၅) ကျပ်ဖြစ်ပြီး၊ ယခင်ဈေးနှု်နးထက် (၁၅) ကျပ် လျော့ကျခဲ့သည်။

သို့သော် မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှုန်းမှာ (၃၅၅၀) ကျပ်ဖြစ်ပြီး ယခင်ဈေးနှု်နးထက် (၅၅) ကျပ် ပိုများခဲ့ကာ၊ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာဈေးနှုန်းမှာလည်း (၄၀၁၅) ကျပ်ဖြစ်ပြီး ယခင်ဈေးနှု်နးထက် (၇၀) ကျပ် ပိုများခဲ့သည်။

သို့သော်လည်း စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓါတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ ရန်ကုန်ထက် (၂၃၀) ကျပ်၊ ဘားအံထက် (၁၃၀) ကျပ်၊ ပဲခူးထက် (၂၁၅) ကျပ်၊ ထားဝယ်ထက် (၇၀) ကျပ် ပိုများနေဆဲဖြစ်ပြီး၊ ဓါတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းမှာလည်း ရန်ကုန်ထက် (၂၃၅) ကျပ်၊ ဘားအံထက် (၁၃၅) ကျပ်၊ ပဲခူးထက် (၂၂၀) ကျပ်၊ ထားဝယ်ထက် (၇၀) ကျပ် ပိုများနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှု်နးမှာလည်း ရန်ကုန်ထက် (၄၅၅) ကျပ်၊ ဘားအံထက် (၃၆၀) ကျပ်၊ ပဲခူးထက် (၄၄၀) ကျပ်၊ ထားဝယ်ထက် (၃၀၀) ကျပ်ပိုများနေဆဲဖြစ်ပြီး၊ ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာဈေးနှုန်းမှာလည်း ရန်ကုန်ထက် (၂၂၅) ကျပ်၊ ဘားအံထက် (၁၃၀) ကျပ်၊ ပဲခူးထက် (၂၁၀) ကျပ်၊ ထားဝယ်ထက် (၇၀) ကျပ် ပိုများနေဆဲ ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းရေးအတွက် နည်းလမ်းများရှာကျန်ပြီး ကြိုးပမ်းဆောင်ရွက်လျှက်ရှိသော်လည်း၊ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းမှ မွန်ပြည်နယ်အတွက် စက်သုံးဆီပြန်လည်ဝယ်ယူခွင့်နှင့်ပတ်သက်ပြီး လတ်တလောဆောင်ရွက်ပေးရန်အစီအစဉ်မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြီးခဲ့သည့် ဇွန်လ (၁၅) ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) အစီအစဉ်တွင် ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော် မှမေးမြန်းခဲ့သည့် မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းကျဆင်းစေရန် နှင့် ရန်ကုန်မြို့ (သီလဝါ) ဆိပ်ကမ်းမှ ပြန်လည်ဝယ်ယူခွင့်ပြုပေးပါရန် မွန်ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသည့် မေးခွန်းအား ဦးဇေယျာဦး မှ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းနေသည့် Importer များအား ရန်ကုန် သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သွင်းသော Importer များကဲ့သို့ နိုင်ငံတော်က ဒေါ်လာ မရောင်းပေးသည့်အတွက် Importer က ကိုယ်ပိုင်ဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းနေရကြောင်း၊ ဒေါ်လာကိုလည်း နိုင်ငံတော်က ရောင်းချပေးသည့် သတ်မှတ်ဈေးနှုန်းဖြင့်ဝယ်ယူခွင့်မရသည့်အတွက် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးဝယ်ယူနေရသောကြောင့် ရန်ကုန်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်နှင့် မွန်ပြည်နယ်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်းက ကွာခြားနေတာမျိုးဖြစ်နေကြောင်း မွန်ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်းထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းလက်ထက်က Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း နှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ  Puma International Port Terminal ဆိပ်ကမ်း မှတဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း Ya Zar Min Industry ကုမ္ပဏီပိုင်ရှင်ဦးညီညီထွေး (၅၅) နှစ် မှာ စက်သုံးဆီများအား တရားမဝင်မှောင်ခိုင်ရောင်းချမှုများကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ မော်လမြိုင်မြို့နယ် တရားရုံးက ဇူလိုင်လ  ပထမ အပတ်က ထောင်ဒဏ် (၂) နှစ်နှင့် ငွေဒဏ်ချမှတ်လိုက်ကြောင်းနှင့် ဦးညီညီထွေး မှာ ဘီးလင်းမြို့နယ်အတွင်းရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် အကြမ်းဖက်အဖွဲ့များထံသို့ စက်သုံးဆီအား မှောင်ခိုရောင်းချခဲ့မှုဖြင့် သထုံခရိုင်တရားရုံးတွင်လည်း အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် ပင်လယ်ပြင်အတွင်းရှိ စက်လှေများသို့လည်း စက်သုံးဆီအား တရားမဝင် မှောင်ခိုရောင်းချမှုများနှင့် ပတ်သက်၍လည်း ရာဇာမင်းကုမ္ပဏီမှ တာဝန်ရှိသူတချို့အား မုဒုံမြိုမရဲစခန်းတွင် အမှုဖွင့်အရေးယူခြင်းခံထားရသေးကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ထို့အပြင် စက်သုံးဆီလုပ်ငန်းရှင်များဖြစ်ကြသည့် စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင် (ခ) ကာဆင် (၆၅) နှစ်၊ မိဘမေတ္တာစက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဇော်ဦး (ခ) ဇော်ဦး (၄၃) နှစ်၊ မင်းသန့်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင် တို့ကိုလည်း စက်သုံးဆီများ တရားမဝင်မှောင်ခိုရောင်းချသည်ဟုဆိုကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူထားခြင်းခံထားရကြောင်း သိရသည်။

 ဘိုဘိုမြင့်

Most Read

Most Recent