ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အမြွှာငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၄၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း ဗင်နီဇွဲလားအစိုးရက ဇူလိုင် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဇွန် ၂၄ ရက်က ဆက်တိုက်လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်နှစ်ခုကြောင့် လူပေါင်း ၄၁၁၈ ဦး သေဆုံးခဲ့ပြီး ၁၆၇၄၀ ဦး ဒဏ်ရာရရှိခဲ့ကာ ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သော လာဂွိုင်ရာပြည်နယ်ရှိ ရပ်ကွက်တစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း ဗင်နီဇွဲလားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ချ် ရိုဒရီဂွက်ဇ်က Telegramတွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အခြားလူပေါင်းထောင်ချီလည်း ပျောက်ဆုံးနေဆဲဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံတွင် ဇွန် ၂၄ ရက်က ရစ်ချ်တာစကေး ၇ ဒမသ ၂ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၃၉ စက္ကန့်အကြာတွင် ရစ်ချ်တာစကေး ၇ ဒသမ ၅ ပြင်းအားရှိ ငလျင်ထပ်မံလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်သည် ဗင်နီဇွဲလားတွင် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေသည့်လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း မိသားစုဝင်များကမူ ပျောက်ဆုံးနေသည့် ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် ချစ်ခင်ရသူများကို သိက္ခာရှိရှိ သင်္ဂြိုဟ်ပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် အပျက်အစီးပုံများကြားတွင် ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
ဇူလိုင် ၁၁ ရက်ကလည်း ကာရာကတ်စ်မြို့တော်တွင် ရစ်ချ်တာစကေး ၃ ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ခဲ့သဖြင့် ပြည်သူများ ထိတ်လန့်တုန်လှုပ်ခဲ့ပြီး အဆောက်အအုံများမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
Ref: AFP















