သံဖြူဇရပ်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံများ၊ လူနေအိမ်များထိခိုက်ပျက်ဆီးမှုများရှိခဲ့သည့်အပြင် အပင်များလဲကျခြင်းနှင့် ဓါတ်တိုင်နှင့် ဆက်သွယ်ဆိုင်များကျိုးပြတ်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့

သံဖြူဇရပ်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံများ၊ လူနေအိမ်များထိခိုက်ပျက်ဆီးမှုများရှိခဲ့သည့်အပြင် အပင်များလဲကျခြင်းနှင့် ဓါတ်တိုင်နှင့် ဆက်သွယ်ဆိုင်များကျိုးပြတ်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့
 Photo  – Thanbyuzyat Watch 
Photo  – Thanbyuzyat Watch 
Published 11 July 2026
ဘိုဘိုမြင့်

သံဖြူဇရပ်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံများ၊ လူနေအိမ်များထိခိုက်ပျက်ဆီးမှုများရှိခဲ့သည့်အပြင် အပင်များလဲကျခြင်းနှင့် ဓါတ်တိုင်နှင့် ဆက်သွယ်ဆိုင်များကျိုးပြတ်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

 ဇူလိုင်လ (၁၀) နေ့ ည (၆) နာရီဝန်းကျင်အချိန်ခန့်မှစတင်ကာ သံဖြူဇရပ်မြို့ အောင်ဇေယျတိုးချဲ့ရပ်ကွက်ဘက်မှ လေဆင်နှာမောင်းစတင်တိုက်ခတ်ခဲ့ကြောင်းနှင့် ထိုမှ အောင်ကုသိုလ်ရပ်ကွက်အတွင်း ဆက်လက်တိုက်ခတ်သွားကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြိး “မနေ့ညပိုင်း လေဆင်နှာမောင်းတိုက်တော့ အောင်ဇေယျတိုးချဲ့ရပ်ကွက်ဘက် မြို့နယ်မြေစာရင်းအရှေ့က ကုက္ကိုလ်ပင်ကြီးတွေ အမြစ်ကကျွတ်ပြီး လဲကျကုန်ပြီးတော့ သံဖြူဇရပ် - ရေးကားလမ်းလည်းပိတ်ဆို့သွားတယ်။ နောက်ပြီး ရပ်ကွက်ထဲမှာလည်း လဲကျတဲ့အပင်တွေရှိသလို၊ တချို့အ ပင်တွေဆိုရင် ပြတ်ထွက်ကုန်တယ်။ နောက်ပြီး ဓါတ်တိုင်နဲ့ဆက်သွယ်ရေးတိုင်တွေလည်း ကျိုးပြတ်တာတွေဖြစ်ခဲ့ပါယတယ်” ဟု ပြောကြားသည်။

ထို့အပြင် အောင်ကုသိုလ်ရပ်ကွက်အတွင်းတွင်လည်း အပင်များလဲပြိုကျခြင်း၊ ဓါတ်တိုင်များလဲကျခြင်းနှင့်  နေအိမ်များ အမိုးလန်ပျက်ဆီးမှုများစွာဖြစ်ပေါ်ခဲ့ကြောင်းနှင့် ဇူလိုင်လ (၁၁) ရက်နေ့ မနက်ပိုင်းအချိန်အထိ လူထိခိုက်မှုမကြားသိရသေးကြောင်းလည်း ၎င်းကဆိုသည်။

၎င်းအပြင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်  အောင်ကုသိုလ်ရပ်ကွက်ရှိ ကျိုက်ရာမညဇိနထိုင်တော်မူဘုရားကြီး၏ အမြင့်ပေ (၁၀၀) ခန့်၊ အလျား နှင့်အနံ ပေ(၂၀၀) ပတ်လည်ရှိ အဆောက်အဦးနှင့်သွပ်အမိုးများလွှင့်ပါခြင်းနှင့် အမိုးဒိုင်းများ ပြိုကျပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သည်။

ထို့အတူ အောင်ဇေယျရပ်ကွက်ရှိ အ.လ.က (အောင်ဇေယျ) စာသင်ကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်မှာလည်း အမိုးလန်ပျက်ဆီးခဲ့ကြောင်းနှင့် ထိခိုက်ပျက်ဆီးမှုအခြေအနေများအား သက်ဆိုင်ရာက စာရင်းပြုစုနေဆဲဖြစ်ကြောင်းလည်း သိရသည်။

“သံဖြူဇရပ်မြို့နယ် မြေစာရင်းရုံးအရှေ့က ကုက္ကိုလ်ပင်တွေလဲကျလို့ လမ်းပိတ်ဆိုနေတာကို နယ်မြေခံတပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သံဖြူဇရပ်၊ မုဒုံ နဲ့မော်လမြိုင်မြို့က လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ မြို့ခံပြည်သူတွေစုပေါင်းပြီး ဖယ်ရှားရှင်းလင်းခဲ့ကြတဲ့အတွက် လမ်းကတော့ ဒီနေ့မနက်ပိုင်းမှာ ပြန်ပွင့်သွားပါပြီး။ ထိခိုက်ပျက်ဆီးမှုနည်းတဲ့နေအိမ်တွေကတော့ အိမ်ရှင်တွေက ကိုယ်ထူကိုယ်ထပြန်လည်ပြုပြင်နေကြပါတယ်” ဟု အောင်ဇေယျတိုးချဲ့ရပ်ကွက်နေပြည်သူတစ်ဦးက ပြေကြားသည်။

လေဆင်နှာမောင်းတိုက်ခတ်သွားသည့်အတွက်ကြောင့် နေအိမ်များ အမိုးလန်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက်ကြောင့် အမိုးသွပ်လိုအပ်မှုများရှိနေကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၅) ရက်နေ့ ည (၇) နာရီ (၃၀) မိနစ် ဝန်းကျင်အချိန်ခန့်က မွန်ပြည်နယ် ပေါင်မြို့၊ ကဒါရပ်ကွက်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၇၀) ကျော်ထိခိုက်ပျက်ဆီးခဲ့သည့်အပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာအဆောက်အဦးများထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ထို့အတူ ဇူလိုင်လ (၆) ရက်နေ့ နံနက် (၄) နာရီ (၃၀) မိနစ်ဝန်းကျင်အချိန်ခန့်ကလည်း မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ဘုရားကုန်းရပ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အပင်များပြုလဲခြင်းနှင့် နေအိမ် (၁၅) လုံးခန့် ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ဟိန္ဒူဘုရားတစ်ခုလည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent