■ တရုတ်- မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကုန်သွယ်ရေး ဆွေးနွေး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပင်လယ်ကွေ့ပဋိပက္ခကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ဆိုင်ရာအခက်အခဲများကို ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စများ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့သည် ရေပြင်၊ မြေပြင် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများဖြစ်သည့်အတွက် စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများတွင် အခွင့်အလမ်းကောင်းများရှိနေရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း (Regional Grid) တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ရောင်းဝယ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်- မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကုန်သွယ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။















