တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဖိနပ်စက်ရုံတစ်ခုတွင် ဇူလိုင် ၉ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ ၂၈ ဦးသေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီခန့်က ဖူကျန့်ပြည်နယ်၊ ကျင့်ကျန်းမြို့ရှိ Huiteng ဖိနပ်ထုတ်လုပ်ရေးစက်ရုံတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး အထပ်မြင့် အဆောက်အအုံတစ်ခုလုံးကို မီးစွဲသွားသဖြင့် အလုပ်သမားများမှာ အဆောက်အအုံခေါင်မိုးပေါ်တွင် ပိတ်မိနေခဲ့သည်။
မီးလောင်ချိန် စက်ရုံ၌ လူပေါင်း ၂၃၉ ဦး ရှိနေခဲ့ကာ ထိုထဲမှ ၂၁၃ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီးမှ ၎င်းတို့အနက် နှစ်ဦးက ဆေးရုံသို့ပို့ဆောင်ကုသစဉ် သေဆုံးခဲ့သည်။ ပျောက်နေသည့် နောက်ထပ် ၂၆ ဦးလည်း သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။ ယခုဖြစ်စဉ်အတွက် တရုတ်သမ္မတ ရှီကျင်းပင်က ပါဝင်ပတ်သက်သူများကို တင်းတင်းကျပ်ကျပ် အရေးယူရန် ညွှန်ကြားထားသည်။
ကနဦး စစ်ဆေးတွေ့ရှိချက်များအရ စက်ရုံမြေညီထပ်မှ မီးစလောင်ခြင်းဖြစ်နိုင်ကြောင်း ၊ စက်ရုံတွင် သိုလှောင်ထားသည့် ဖိနပ်ထုတ်လုပ်ရာတွင် သုံးသည့် ပစ္စည်းများက အလွန်လောင်ကျွမ်းလွယ်သည့်အတွက် မီးကူးစက်မြန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသအရာရှိတစ်ဦးက CCTV ကိုပြောသည်။
ထိုပစ္စည်းများနှင့် ကော်များကြောင့် မီးလောင်ရာနေရာတွင် အနံ့ဆိုးများထွက်လာပြီး မျက်စိစပ်စေနိုင်ကြောင်းလည်း CCTV က ဖော်ပြခဲ့သည်။
ကုမ္ပဏီတာဝန်ရှိသူများနှင့် အခြားသက်ဆိုင်သူများကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကုမ္ပဏီ၏ ဘဏ်အကောင့်များကိုလည်း အာဏာပိုင်များက ထိန်းချုပ်လိုက်ပြီဖြစ်သည်။ ဖူကျန့်ပြည်နယ်ရှိ ကျင့်ကျန်းမြို့သည် ဖိနပ်နှင့် အဝတ်အထည်ထုတ်လုပ်မှု အချက်အချာနေရာ တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ ဖိနပ်မြို့တော်အဖြစ် ထင်ရှားသည်။
Ref: Reuters
Photo:AP















